0


Created on Sunday, 24 November 2013 17:41 

၁၉၈၉-၂၀၁၀ ခုနှစ်များအကြား မြေယာမည်မျှ သိမ်းဆည်းခဲ့ကြောင်း တိကျသေချာသည့် အထောက်အထားများ မရှိသော်လည်း နယ်သာလန် အခြေစိုက် TNI (TRANSNATIONAL Institutue) အဖွဲ့၏ ခန့်မှန်းချက်အရ ဧကနှစ်သန်းကျော် ရှိနေပြီး တိုင်ကြားစာများအရ မြေဧက သုံးသိန်းနှင့် ပတ်သက်ပြီး ပြန်လည်စိစစ် ပေးလျက်ရှိကြောင်း ငြိမ်းချမ်းရေးနှင့် ပဋိပက္ခ စစ်ပွဲများဆိုင်ရာ မြန်မာ့စီးပွားရေး အခြေအနေ လေ့လာသုံးသပ်ချက် စာတမ်းအရ သိရသည်။

မြန်မာနိုင်ငံတွင် ၁၉၆၃ ခုနှစ် လယ်ယာမြေ နိုင်ငံပိုင် ပြုလုပ်ရေး ဥပဒေကို အသုံးချ၍ ၁၉၉၀ ခုနှစ်များအတွင်း နိုင်ငံအနှံ့အပြား မြေသိမ်းဆည်းမှုများကို တရားဝင် သဘောမျိုး ဆောင်ရွက်ခဲ့ကြောင်း၊ အလားတူ စီးပွားရေးနှင့် ဖွံ့ဖြိုးရေး စီမံကိန်းများအတွက် လည်းကောင်း၊ စစ်စခန်း ဆောက်လုပ်ရန်အတွက် လည်းကောင်း၊ ပုဂ္ဂလိက အကျိုးစီးပွားများအတွက် လည်းကောင်း မြေယာသိမ်းယူမှုများ ပြုလုပ်ခဲ့ကြကြောင်းလည်း သိရသည်။

အလားတူ ၂၀၁၂ ခုနှစ် မြေယာဥပဒေ သစ်အရ မြေနှင့်ပတ်သက်၍ စီးပွားရေး အသွင်ပြောင်းခဲ့သောကြောင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေသစ်အရ မြေယာလုယက်မှုများလည်း ဖြစ်ပေါ်လာခဲ့ကြောင်း သိရသည်။ နိုင်ငံပိုင် သတင်းစာဖြစ်သော ကြေးမုံသတင်းစာ၏ ၂၀၁၃ ခုနှစ် သြဂုတ် ၂၄ ရက်တွင် ဖော်ပြထားသည့် ဖော်ပြချက်အရ စစ်တပ်မှ သိမ်းဆည်းထားသော မြေများနှင့် ပတ်သက်၍ လွှတ်တော်အနေဖြင့် တိုင်ကြားစာ ၆၅၅ စောင် လက်ခံရရှိခဲ့ကြောင်း၊ ယင်းအနက် ၆၀၁ စောင်ကို စစ်ဆေးပြီးပြီဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီး ဝေလွင်က အတည်ပြု ပြောကြားခဲ့ကြောင်း၊ လယ်သမားများထံ လယ်ဧက ၃၇၅၄၆ ကို ပြန်လည်ပေးအပ်ရန် ဆုံးဖြတ်ထားပြီဖြစ်ကြောင်း ပြောကြားသည်ဟု ရေးသားထားကြောင်း အဆိုပါ စာတမ်းတွင် ဖော်ပြထားသည်။

"မြန်မာနိုင်ငံမှာ မြေယာသိမ်းမှုတွေတော့ ပုံစံမျိုးစုံနဲ့ ရှိပါတယ်။ ရှမ်းပြည်မြောက်ပိုင်းမှာ ဆိုရင်တော့ တရုတ်အစိုးရရဲ့ ဘိန်းအစားထိုး အစီအစဉ်အောက်မှာ မြေတော်တော်များများ ရော်ဘာစိုက်ဖို့ ဆိုပြီး ဒေသခံတွေဆီက သိမ်းယူသွားတာ ရှိတယ်။ တချို့လည်း စစ်ပြေးကြရင်း သူတို့ရဲ့ နေရာတွေကို စီးပွားရေး သမားတွေ နေရာဝင်ယူ သွားတာတွေ ရှိတယ်။ နည်းမျိုးစံနဲ့ မြေယာသိမ်းယူမှုတွေ ရှိပါတယ်" ဟု TNI မှ တာဝန်ရှိသူ တစ်ဦးက ပြောပြခဲ့သည်။

ထို့အတူ အချို့စီးပွားရေး လုပ်ငန်းရှင်များ သိမ်းယူထားသော မြေများလည်း ရှိကြောင်း၊ အချို့စီးပွားရေး လုပ်ငန်းရှင်များ သိမ်းယူထားသောမြေများ ပြန်ပေးသော်လည်း အချို့က ပြန်ပေးခြင်း မရှိကြောင်းလည်း သိရသည်။ ဥပမာအားဖြင့် မက်စ်မြန်မာ ကုမ္ပဏီက မြေပိုင်ရှင် ၁၃ ဦးထံသို့ လျော်ကြေးငွေ ကျပ် ၇၂၈ ဒသမ ၅ သန်းကို ဧရာဝတီတိုင်း ငွေဆောင်တွင် သိမ်းဆည်းထားသော လယ်မြေ ၁၀၆ ဧကအတွက် ပေးအပ်ခဲ့ကြောင်း အဆိုပါ အစီရင်ခံစာတွင် ဖော်ပြထားသည်။
မန်မာနိုင်ငံမှာ မြေယာသိမ်းမှုတွေတော့ ပုံစံမျိုးစုံနဲ့ ရှိပါတယ်။ ရှမ်းပြည်မြောက်ပိုင်းမှာ ဆိုရင်တော့ တရုတ်အစိုးရရဲ့ ဘိန်းအစားထိုး အစီအစဉ်အောက်မှာ မြေတော်တော်များများ ရော်ဘာစိုက်ဖို့ ဆိုပြီး ဒေသခံတွေဆီက သိမ်းယူသွားတာ ရှိတယ်။ တချို့လည်း စစ်ပြေးကြရင်း သူတို့ရဲ့ နေရာတွေကို စီးပွားရေး သမားတွေ နေရာဝင်ယူ သွားတာတွေ ရှိတယ်။ နည်းမျိုးစံနဲ့ မြေယာသိမ်းယူမှုတွေ ရှိပါတယ် . . . . .

လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုကြောင့် ပြည်သူများ နစ်နာမှု မရှိစေရေးအတွက် စုံစမ်းရေး လွှတ်တော်ကော်မရှင်၏ ယခင်ဆုံးဖြတ်ချက် အရမူ ဧရာရွေဝါ ကုမ္ပဏီက ရယူထားသည့် မြေဧက ၂၀၀၀ ကို ပြန်လည်ရရှိမည်ဟု သိရသော်လည်း ယခုတိုင်မြေများကို ပြန်လည်ပေးအပ်ခြင်း မရှိသေးကြောင်း အဆိုပါ ငြိမ်းချမ်းရေး အစီရင်ခံစာတွင် ဖော်ပြထားသည်။

လယ်ယာမြေ သိမ်းယူမှုများမှာ လွန်ခဲ့သည့် ၁၀ စုနှစ်များက စတင်ခဲ့သော်လည်း ပြောရေးဆိုခွင့် မရှိသဖြင့် လက်ရှိအစိုးရ လက်ထက်တွင် မတရား လယ်ယာမြေသိမ်းခံ ရမှုများအတွက် ဆန္ဒပြပွဲများ မကြာခဏ ပေါ်ပေါက်လာခဲ့သည်။

"တိုင်စာတွေကို ပြန်ကြည့်ရင် မြေသိမ်းခံရတာတွေက ဟိုတုန်းက case တွေ များပါတယ်။ အခုမှ တိုင်လို့ရလို့ တိုင်ကြရတာပါ။ ဖြစ်နေတာကတော့ ကြာပါပြီ။ ပြဿနာကတော့ မျိုးစုံပဲ။ တချို့ မှန်တာတွေ ရှိသလို မမှန်တာတွေလည်း ရှိတယ်။ အများစုကတော့ မတရား သိမ်းခံရလို့၊ တချို့ကလည်း လျော်ကြေးပေးပေမဲ့ ကာလပေါက်ဈေးနဲ့တွက်ရင် မျှတမှု မရှိလို့ ဖြစ်ကြတာတွေပါ" ဟု စီးပွားရေး လုပ်ငန်းရှင် တစ်ဦးက ဆိုသည်။

အစိုးရ မဟုတ်သည့် လက်နက်ကိုင် အဖွဲ့အစည်းများအနက် ကေအင်ယူကမူ ၎င်းတို့ထိန်းချုပ်ရာ ဒေသများရှိ ကချင်လူထုများ၏မြေများ သိမ်းဆည်းခံရမှုမှ ကာကွယ်ရေးအတွက် မြေယာမူဝါဒ တစ်ရပ်အား ရေးဆွဲပြုစုနေပြီး သိမ်းဆည်းခံ မြေများနှင့် ပတ်သက်၍ မှတ်တမ်းများ စုဆောင်းကာ အစိုးရထံ တင်ပြသွားမည်ဖြစ်ကြောင်း အဆိုပါ စာတမ်းတွင် ဖော်ပြထားသည်။

အေးချမ်းမွန် Credit To >Eleven Media Group

Post a Comment

 
Top