Created on Sunday, 24 November 2013 17:47
မြန်မာ-တရုတ် နယ်စပ်မှ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၂ ဒသမ ၃ ဘီလျံကျော် ရရှိထားပြီး စုစုပေါင်း ကုန်သွယ်မှု၏ ၉၃ ရာခိုင်နှုန်းကျော်အား မူဆယ်နယ်စပ် ကုန်သွယ်ရေး စခန်းမှ ကုန်သွယ်မှု ပြုလုပ်ခြင်းဖြစ်ကြောင်း ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာနမှ သိရသည်။
မြန်မာ-တရုတ် နယ်စပ်တွင် ကုန်သွယ်မှု ပြုလုပ်နိုင်ရန်အတွက် မူဆယ်၊ လွယ်ဂျယ်၊ ချင်းရွှေဟော်နှင့် ကံပိုက်တီးနယ်စပ် ကုန်သွယ်ရေး စခန်းများကို တရားဝင် ဖွင့်လှစ်ထားပြီး မူဆယ်နယ်စပ် ကုန်သွယ်ရးစခန်း တစ်ခုတည်းမှ ၂ ဒသမ ၁ ဘီလျံကျော်ဖိုးအား ကုန်သွယ်မှု ပြုလုပ်နိုင်ခဲ့ခြင်း ဖြစ်သည်။
ယင်းအပြင် လွယ်ဂျယ်နယ်စပ် ကုန်သွယ်ရေး စခန်းမှ အမေရိကန်ဒေါ်လာ ၃၁ သန်းကျော်၊ ချင်းရွှေဟော်နယ်စပ် ကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ ၁၃၀ သန်းကျော်၊ ကံပိုက်တီးနယ်စပ် ကုန်သွယ်ရေး စခန်းမှ အမေရိကန်ဒေါ်လာ ၁၃ သန်းကျော် အသီးသီး ကုန်သွယ်မှု ပြုလုပ်ထားကြောင်း သိရသည်။
မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ လယ်ယာထွက်ကုန် ပစ္စည်းများဖြစ်သည့် ဆန်နှင့်ဆန်ထွက် ပစ္စည်း၊ ပဲမျိုးစုံ၊ ပြောင်းသီးနှံ၊ ဆီထွက်သီးနှံများဖြစ်သည့် နှမ်းနှင့် မြေပဲ၊ နှစ်ရှည်သီးနှံများဖြစ်သည့် ရော်ဘာ၊ သီဟိုဠ်၊ သစ်သီးဝလံ မျိုးစုံအပြင် ကြက်သွန်ဖြူနှင့် ကြက်သွန်နီများအပြင် ရေထွက်ကုန် ပစ္စည်းများဖြစ်သည့် ကဏန်း၊ ငါးရှဥ့်၊ ရေခဲငါး၊ ငါးလေးခြောက်၊ ငါးဆားနယ်၊ ငါးစီဖောင်း၊ ပုစွန်ခြောက်၊ ပင်လယ်မျှော့ခြောက်၊ ငါးမြစ်ချင်းစီဖောင်း၊ ငါးပူတင်း ရေခွံခြောက်နှင့် ငါးလိပ်ကျောက် ရေခွံခြောက် စသည်တို့ကို တင်ပို့မှုများကြောင်း သိရသည်။
တရုတ်နိုင်ငံဘက်မှ မြန်မာနိုင်ငံ အတွင်းသို့ ယာဉ်ယန္တရား၊ ဓာတ်မြေသြဇာ၊ ဘိလပ်မြေ၊ သံနှင့် သံမဏိပစ္စည်းများ တင်သွင်းမှုများကြောင်း သိရသည်။
မြန်မာ-တရုတ် နယ်စပ်မှ ၂၀၁၃ ခုနှစ်၊ ဧပြီ ၁ ရက်မှ နိုဝင်ဘာ ၁ ရက်အထိ ပို့ကုန် အမေရိကန်ဒေါ်လာ ၁၆၁၃ သန်းကျော်၊ သွင်းကုန် အမေရိကန်ဒေါ်လာ ၇၅၄ သန်းကျော် ကုန်သွယ်မှု ပြုလုပ်ထားကြောင်း သိရသည်။
မူဆယ်နယ်စပ် ကုန်သွယ်ရေးဂိတ်အား မြန်မာဘက်မှ တွေ့ရစဉ် (ဓာတ်ပုံ-ထွန်းနေလှိုင်)
အေးချမ်းမွန် Credit To >Eleven Media Group

Post a Comment