ထိုင်းနိုင်ငံ ခရီးသွားလုပ်ငန်းနှင့် အားကစား ၀န်ကြီးလက်အောက်ရှိ ထိုင်းခရီးသွားလုပ်ငန်း အာဏာပိုင်အဖွဲ့အောက်တွင် ဆောင်ရွက်နေသည့် Thailand Elite Card ၏ ဈေးကွက်ရှာဖွေရေး၊ ပြည်သူ့ဆက်ဆံရေး လုပ်ဆောင်ချက်များကို လုပ်ငန်းရှင်များနှင့် ရင်းနှီးမြှုပ်နှံသူများအတွက် ရည်ရွယ်ကာ Thailand Elite Private Invitation ကို ပြုလုပ်ခဲ့သည်။
အဆိုပါ Thailand Elite Card သည် ထိုင်းနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန်၊ စီးပွားရေး လုပ်ကိုင်ရန်နှင့် ခရီးသွားလာရေး အထောက်အကူပြု ၀န်ဆောင်မှုများ၊ အထူးအခွင့်အရေးများ၊ အဆင့်မြင့် အပန်းဖြေခြင်း ၀န်ဆောင်မှုများကို ပံ့ပိုးပေးခြင်းဖြင့် ထိပ်တန်း နိုင်ငံခြားသား လုပ်ငန်းရှင်များအား ဆွဲဆောင်ရန် ရည်ရွယ်လုပ်ဆောင်နေသည့် ထိုင်းအစိုးရ၏ စီမံကိန်းတစ်ခုဖြစ်ကြောင်း သိရသည်။ အဆို ပါစီမံကိန်းသို့ ၀င်ရောက်ရန် အဖွဲ့ဝင်ကြေး ဘတ်နှစ်သန်း ပေးဆောင်ရမည်ဖြစ်ကာ အဖွဲ့ဝင်ပြီးပါက အဖွဲ့ဝင်သက်တမ်းကာလ အနှစ် ၂၀ အတွင်းတွင် အကြိမ်ကြိမ် ပြန်လည်ဝင်ရောက်နိုင်သည့် စီးပွားရေးဆိုင်ရာ ပြည်ဝင်ခွင့်လက်မှတ်၊ လာရောက်သည့် အကြိမ်တိုင်းတွင် တစ်နှစ်ကြာ နေထိုင်နိုင်ခွင့်၊ အပြည်ပြည်ဆိုင်ရာ လေဆိပ်များရှိ လူဝင်မှုကြီးကြပ်ရေး ဂိတ်များတွင် အမြန်လမ်းကြောင်းမှ ဖြတ်သန်းနိုင်ခွင့်၊ ထိုင်းနိုင်ငံ အများပြည်သူပိုင် ကဏ္ဍနှင့် ပုဂ္ဂလိကဌာနများမှ အဆက်အသွယ်များ၊ အစည်းအဝေးများအတွက် ညှိနှိုင်းစီစဉ်ပေးမှုများနှင့် သတင်းအချက်အလက်များ တောင်းခံနိုင်ခြင်း၊ ၂၄ နာရီ ဖောက်သည် ၀န်ဆောင်မှုဌာန၊ ကြယ်ငါးပွင့်အဆင့် ဂေါက်ကွင်းနှင့် ရေပူစမ်းများစသည့် ၀န်ဆောင်မှုများ ရနိုင်မည်ဖြစ်ကြောင်း သိရသည်။
"မြန်မာနိုင်ငံက လုပ်ငန်းရှင်တွေက နိုင်ငံတကာစီးပွားရေး အခွင့်အရေးတွေကို ရှာဖွေလာကြပြီး ထိုင်းနိုင်ငံဟာ ပင်မ၀င်ထွက် လမ်းကြောင်းတစ်ခုသဖွယ် ဆောင်ရွက်ပေးနိုင်ပါတယ်။ မြန်မာနိုင်ငံက စီးပွားရေး လုပ်ငန်းရှင်များအတွက် Thailand Elite က အခွင့်အရေးတွေဟာ အချိန်၊ စွမ်းအင်နဲ့ အခြားရင်းမြစ်တွေ သက်သာစေဖို့၊ အဆင်ပြေစွာ အောင်မြင်မှု ရရှိနိုင်ဖို့ အထောက်အကူပြုမှာပါ"ဟု မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီး မစ္စတာမိဆာနုဆုဗနဂျာက ပြောကြားသည်။
အဆိုပါကတ်ကို အသုံးပြုနိုင်ရန်အတွက် ပြစ်မှုကင်းရှင်းရန်၊ ဒေ၀ါလီခံဖူးသူ မဖြစ်ရန်၊ စိတ်မနှံ့သူမဖြစ်ရန်၊ အသက် ၂၀ ပြည့်ပြီးသူဖြစ်ရန် စသည့်အချက်များ လိုအပ်ကြောင်းလည်း သိရသည်။
" မြန်မာနိုင်ငံဟာ Thailand Elite ရဲ့ ပထမဆုံးပြပွဲလုပ်တဲ့ နိုင်ငံဖြစ်ပါတယ်။ မြန်မာအစိုးရကလည်း နိုင်ငံရဲ့ စီးပွားရေးကို တိုးတက်စေလိုတဲ့ ရည်ရွယ်ချက်နဲ့ ပံ့ပိုးပေးနေတဲ့အတွက် မြန်မာနိုင်ငံကို Thailand Elite Card အဓိကဦးတည်တဲ့ ဈေးကွက်အဖြစ် သတ်မှတ်ပါတယ်။အဖွဲ့ဝင်သက်တမ်း နှစ် ၂၀ အတွင်းမှာ တစ်ကြိမ် လာရောက်မှုတိုင်းအတွက် တစ်နှစ်ကြာ နေထိုင်ခွင့်ရှိပြီး နိုင်ငံပြင်ပကို ထွက်ခွာပေးစရာ မလိုပါဘူး။ ဒီအခွင့်အရေးဟာ မြန်မာလုပ်ငန်းရှင်တွေအတွက် ဧရာမ အကျိုးအမြတ်တစ်ခု ဖြစ်ပါတယ်"ဟု Thailand Elite Card ကို တာဝန်ယူလုပ်ကိုင်သူ Thailand Privilege Card Company ၏ ဥက္ကဋ္ဌမစ္စတာ အပီဆစ်ချူအင်ချောင်ပူးက ပြောကြားသည်။
အဆိုပါကတ်ကို အမေရိကန်၊ ဗြိတိန်၊ ထိုင်ဝမ်၊ ဂျပန်၊ ကိုရီးယားစသည့် နိုင်ငံများအပြင် အခြားနိုင်ငံများမှ အသုံးပြုသူ ၂၀၀၀ ကျော်ရှိနေပြီး မြန်မာနိုင်ငံတွင်မူ ယခုပထမဆုံးအကြိမ် စတင်မိတ်ဆက်ခြင်း ဖြစ်ကြောင်း သိရသည်။
အေးချမ်းမွန် Credit To >Eleven Media Group
Post a Comment