0
တောင်းဆိုထားသော အချက်ခုနစ်ချက်ရရှိမှသာ မိကျောင်းကန်ရပ်ကွက် အပိုင်း(၁)ရှေ့၊ မြစာရံအေး စေတီအနီးတွင် ဖွင့်လှစ်ထားသော သပိတ်စခန်းအား ရုပ်သိမ်းပေးမည် ဖြစ်ကြောင်း သပိတ်စခန်းဖွင့်၊ ဆန္ဒပြ တောင်းဆိုနေသူများက နိုဝင်ဘာ ၂၇ ရက် နံနက်ပိုင်းက The Daily Eleven သို့ ပြောကြားသည်။

တပ်မြေအဖြစ် သိမ်းယူထားသော မိကျောင်းကန် အပိုင်း(၁)၊(၂)၊(၃)ရှိ မြေယာများကို ပြန်လည်ရရှိရန် ဆန္ဒပြတောင်းဆိုနေသည်မှာ ခုနစ်ကြိမ်မြောက် ရှိနေပြီဖြစ်ပြီး သပိတ်စခန်းဖွင့် တောင်းဆိုခဲ့သည်မှာ နှစ်ကြိမ်ရှိပြီဖြစ်ကာ သက်ဆိုင်ရာ အစိုးရ အဖွဲ့အစည်း၏ ယခုအချိန်ထိ ဖြေရှင်းပေးနိုင်မှု မရှိသောကြောင့် တောင်းဆိုနေရခြင်း ဖြစ်ကြောင်း ဆန္ဒပြသူများထံမှ သိရသည်။

ဆန္ဒပြသူဦးရေ ၂၅၀ ခန့်မှာ ၎င်းတို့ မူလပိုင်ဆိုင်ခဲ့သော မြေနေရာများပေါ်ရှိ အဆောက်အအုံများအား ဖယ်ရှားပေးရန်၊ ဆောက်လုပ်နေသော အဆောက်အအုံများအားလည်း တာဝန်ယူ ဖြေရှင်းနေစဉ် ကာလအတွင်း ဆောက်လုပ်ခွင့် ရပ်ဆိုင်းပေးရန်၊ မိကျောင်းကန်အရေး ဆောင်ရွက်မှုကြောင့် ပုဒ်မ ၁၈ ဖြင့် ထောင်ကျသူများအားလည်း အမြန်ဆုံး ပြန်လွှတ်ပေးရန်၊ ထပ်မံ၍လည်း ပုဒ်မ ၁၈ ဖြင့် အရေးမယူရန်နှင့် သက်ဆိုင်ရာမှ အမြန်ဆုံးဖြေရှင်းပေးရန် အပါအ၀င် အချက်ခုနစ်ချက်ကို တောင်းဆိုခဲ့ကြကြောင်း သိရသည်။

"ကျွန်တော်တို့ ဒီအချက်တွေ မရမချင်း သပိတ်စခန်းကို ရုပ်သိမ်းသွားမှာ မဟုတ်ပါဘူး။ ဒီကိစ္စနဲ့ပတ်သက်ပြီး လွှတ်တော်မှာ တင်ပြဖို့ စီစဉ်နေတဲ့အခါမှာလည်း အစိုးရဘက်ပိုင်းက အခုထိ ကျွန်တော်တို့ကို အကြောင်းပြန် ဖြေရှင်းတာ မရှိသေးပါဘူး။အစိုးရအပေါ် အကြောင်းပြန်စေချင်လို့၊ သိစေချင်လို့လည်း အခုလို သပိတ်စခန်းဖွင့် ထပ်မံဆန္ဒ ဖော်ထုတ်ရတာပါ"ဟု မိကျောင်းကန် ၃ ရပ်ကွက်တွင် ယခင်က နေထိုင်ခဲ့ဖူးပြီး မြေသိမ်းခံရမှုကြောင့် တောင်ဒဂုံသို့ ပြောင်းရွှေ့ခံရသူ ကိုဇော်ထွန်းက ပြောကြားသည်။

ယင်းသို့ အသိမ်းခံမြေယာများ ပြန်လည်ရရှိရန် ဆန္ဒပြတောင်းဆိုမှုများကြောင့် ဦးစိန်သန်းနှင့် ဦးကျော်လွင်တို့နှစ်ဦးအား သင်္ဃန်းကျွန်းမြို့နယ် တရားရုံးမှ ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ ၁၈ ဖြင့် ထောင်ဒဏ်သုံးလ ချမှတ်ခဲ့ပြီး ကျန်ဦးဆောင်သူများမှာလည်း ယင်းပုဒ်မဖြင့်ပင် အမှုရင်ဆိုင်နေရကြောင်း သိရသည်။

(အသိမ်းခံမြေယာများ ပြန်လည်ရရှိရန် သပိတ်စခန်းဖွင့် တောင်းဆိုနေကြသူများအား နိုဝင်ဘာ ၂၇ ရက် မွန်းလွဲပိုင်းက တွေ့ရစဉ် (ဓာတ်ပုံ-သက်မင်း))

အေးချမ်းမွန် Credit To > Eleven Media Group https://www.facebook.com/excellencemedia
1

Post a Comment

 
Top