0
မဟာမဲခေါင်ဒေသတွင်း နိုင်ငံများ၏ နယ်စပ်ဖြတ်ကျော် ကုန်စည်ပို့ဆောင်ရေးနှင့် ကုန်သွယ်မှု အရှိန်မြှင့်တင်ရေးအတွက် နိုင်ငံအလိုက် သဘောတူညီချက်များအား မဟာမဲခေါင်ဒေသ ၀န်ကြီးများ အတည်ပြုလိုက်ပြီ ဖြစ်ကြောင်း မနီလာမြို့ အာရှဖွံ့ဖြိုးရေးဘဏ်မှ ထုတ်ပြန်သော သတင်းထုတ်ပြန်ချက်များအရ သိရသည်။

မြန်မာနိုင်ငံ နေပြည်တော်တွင် ပြုလုပ်ခဲ့သော မဟာမဲခေါင်ဒေသ နယ်စပ်ဖြတ်ကျော် ပို့ဆောင်ရေး သဘောညီချက်(CBTA)၏ စတုတ္ထအကြိမ်မြောက် ပူးတွဲကော်မတီ အစည်းအဝေးတွင် မဟာမဲခေါင်ဒေသ ပို့ဆောင်ရေးဝန်ကြီးများက ပို့ဆောင်ရေးနှင့် ကုန်သွယ်ရေး လွယ်ကူချောမွေ့စေရေး လုပ်ငန်းများ၏ နောက်တစ်ဆင့်ဖြစ်သည့် လုပ်ငန်းစီမံချက် အစီအစဉ်အား ယခုနှစ် ၂၀၁၃ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ သုံးနှစ်တာအတွင်း အကောင်အထည်ဖော်ရန် လက်မှတ်ရေးထိုးခဲ့ကြောင်း၊ ADB အနေဖြင့်မူ မဟာမဲခေါင်ဒေသ၏ ဖွံ့ဖြိုးရေးဆိုင်ရာ မိတ်ဘက် အဖွဲ့အစည်းတစ်ခုဖြစ်ကြောင်း သိရသည်။

ADB နှင့် Australian Aid အဖွဲ့အစည်းများ အပါအ၀င် မဟာမဲခေါင်ဒေသ နိုင်ငံများအဖွဲ GMSတွင် အားကောင်းသော ဖွံ့ဖြိုးရေး လုပ်ငန်းများဆိုင်ရာ မိတ်ဖက် အဖွဲ့အစည်းများမှ ၂၀၁၀ ပြည့်နှစ်မှစတင်၍ နှစ်နိုင်ငံ ကုန်သွယ်ရေးနှင့် လမ်းပန်း ဆက်သွယ်ရေးများ၊ အရှေ့အနောက် စီးပွားရေး စင်္ကြံလမ်းမ တိုးချဲ့မှုတွင် အဓိကကျသော မြို့များနှင့် ရေနက်ဆိပ်ကမ်းများအား ထည့်သွင်းရေး သဘောတူညီချက်နှင့် ပို့ဆောင်ရေးနှင့် ကုန်သွယ်ရေး လွယ်ကူချောမွေ့စေရေးနှင့်ဆိုင်သည့် အချက်အလက်များရှိသည့် အင်တာနက်စာမျက်နှာ စတင်ဖွင့်လှစ်ရေး စသည့်သဘောတူညီချက်များ တိုးတက်ဖြစ်ထွန်းခဲ့ကြောင်း အဆိုပါ သတင်းထုတ်ပြန်ချက်တွက် ဖော်ပြပါရှိသည်။

သတ်မှတ်ထားသည့် သုံးနှစ်တာ ကာလအတွင်း တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံ၊ မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံ၊ လာအိုနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ကမ္ဘောဒီးယား၊ လာအိုနှင့် ထိုင်းနိုင်ငံတို့အကြား လမ်းပန်းဆက်သွယ်ရေး အခွင့်အလမ်းများဆိုင်ရာ သုံးနိုင်ငံ သဘောတူညီချက် အသီးသီးတို့အား ဆောင်ရွက်ခဲ့ကြောင်း၊ အဆိုပါအစီအစဉ်တွင် ပို့ဆောင်ရေးနှင့် ကုန်သွယ်ရေးလမ်းကြောင်း တိုးချဲ့ရေး၊ ကုန်သွယ်ရေး အခွင့်အရေးများ ဖလှယ်ရေး၊ အကောက်ခွန် လုပ်ငန်းစဉ်များ တိုးတက်စေခြင်း၊ နယ်စပ်ဖြတ်ကျော် ယာဉ်အာမခံ လုပ်ထုံးလုပ်နည်းများ တည်ဆောက်နိုင်ရေး တွန်းအားပေးမှုများ လုပ်ဆောင်ရန် ရည်ရွယ်ကြောင်း သိရသည်။ အဖွဲ့ဝင်နိုင်ငံများတွင် တရုတ်၊ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံများ ပါဝင်ကြောင်း သိရသည်။

အေးချမ်းမွန် Credit To >Eleven Media Group https://www.facebook.com/excellencemedia

Post a Comment

 
Top