0


Created on Friday, 15 November 2013 05:25 

မြန်မာငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး လုပ်ငန်းဗဟိုဌာန (MPC) ၌ နိုဝင်ဘာ ၁၄ ရက်က ပြုလုပ်ခဲ့သော အမေရိကန် သမ္မတဟောင်း ဘီလ်ကလင်တန်၏ နိုင်ငံရေး အပြောင်းအလဲ မိန့်ခွန်းဟောပြောပွဲသို့ Eleven Media Group အပါအ၀င် မီဒီယာ အချို့ကို ၀င်ခွင့်မပြုဘဲ ချန်လှပ်ခဲ့သည်။

အဆိုပါပွဲမှာ ညနေ ၄ နာရီတွင် စတင်ခဲ့ပြီး Eleven Media Group မှာ မွန်းလွဲ ၂ နာရီခန့် ကတည်းက MPC သို့ ရောက်ရှိခဲ့ကာ ၀င်ခွင့်ပြုရန် တောင်းဆိုခဲ့သော်လည်း ဖိတ်ကြားထားသည့် မီဒီယာများကိုသာ ၀င်ခွင့်ပြုကြောင်းနှင့် မီဒီယာကတ် ထုတ်မပေး ထားသူများကို ၀င်ခွင့်မပြုနိုင်ကြောင်း အဆိုပါဌာနမှ တာဝန်ရှိသူများက ပြောကြားသည်။

''ကျွန်တော်တို့ စရောက်တော့ ၀င်ခွင့်တောင်းတယ်။ အဲဒီမှာ အထဲကနေ တာဝန်ရှိတဲ့ အမျိုးသမီး တစ်ဦးက MRTV နဲ့ Sky Net ကဆိုရင် ၀င်ခွင့်ပြုတယ်လို့ ပြောတယ်။ ဘာကြောင့် ၀င်ခွင့်မပြုတာလဲ ဆိုတော့ ကန့်သတ်ထားတာမို့လို့ပဲ ပြောတယ်။ ကျွန်တော်တို့ ရှေ့ မှာပဲ တခြားမီဒီယာက လူတွေဝင်သွားတာ။ ၀င်ခွင့်ကတ်ထုတ်ဖို့ ကျွန်တော်တို့ဆီကို ဘာမှအကြောင်း ကြားတာမျိုးလည်း မရှိဘဲနဲ့ကို ၀င်ခွင့်မပြုဘဲ ချန်လှပ်ခဲ့တာ'' ဟု အဆိုပါပွဲသို့ သတင်းသွားယူသူ EMG သတင်းထောက်က ပြောကြားသည်။

အဆိုပါပွဲကို အမေရိကန် သံရုံးဘက်မှ စီစဉ်ကြောင်း၊ နေရာမလောက်သည့်အတွက် လူဦးရေ ကန့်သတ်ထားရသည်ဟု MPC ဘက်မှ ပြန်လည်ပြောကြား မှုများလည်း ရှိခဲ့ပြီး အမေရိကန်သံရုံးသို့ ဆက်သွယ်ရာတွင်လည်း MPC ကိုသာ ဆက်သွယ်ရန် ပြန်လည်ပြောကြားမှုများ ရှိခဲ့သည်။

အဆိုပါပွဲသို့ ၀င်ခွင့်မရရှိဘဲ ချန်လှပ်ခံခဲ့ရသည့် အတွက် အပြင်တွင် စောင့်နေခဲ့ရသည့် မီဒီယာများမှာ Eleven Media Group၊ Envoy Weekly Journal၊ လျှပ်တစ်ပြက်ဂျာနယ်၊ ဒီလှိုင်းဂျာနယ်၊ ရှေ့ဆောင်ဂျာနယ်၊ အာရှအလင်းဂျာနယ်နှင့် ရတနာပုံတယ်လီပို့ တို့ဖြစ်ပြီး တက်ရောက်ရမည့် မီဒီယာများကို ကျပန်းစနစ်ဖြင့် ရွေးချယ်ခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါပွဲတွင် အခမ်းအနားမှူးအဖြစ် တာဝန်ယူခဲ့သည့် MPC မှ တာဝန်ရှိသူ တစ်ဦးဖြစ်သူ နိုင်ငံတော် သမ္မတ၏ အမျိုးသား စီးပွားရေးနှင့် လူမှုရေး အကြံပေးကောင်စီ အဖွဲ့ဝင် ဒေါက်တာကျော်ရင်လှိုင်က ၀င်ခွင့်မရသည့် မီဒီယာများကို အပြင်ထွက်၍ ရှင်းလင်းမှု ပြုလုပ်ခဲ့သည်။

ဒေါက်တာကျော်ရင်လှိုင်က MPC မှ ယခင်ပြုလုပ်သည့် ပွဲများသို့ တက်ရောက်ခဲ့သည့် သတင်းထောက် အမည်စာရင်းများပေါ် မူတည်ပြီး ရွေးချယ်သည်ဟု ပြောကြားသည်။

ထိုသို့ ပြောကြားမှုအား EMG မှ သတင်းထောက်က EMG အနေဖြင့် ပွဲတိုင်းနီးပါးသို့ တက်ရောက်သတင်း ယူခဲ့ကြောင်း၊ သို့သော် မည်သည့်အတွက် စာရင်းတွင် မပါဝင်ခဲ့သနည်းဆိုသော မေးခွန်းကို ပြန်လည်မေး မြန်းခဲ့ရာ ၎င်းက ဥပမာအားဖြင့် သုံးတိုက်လျှင် တစ်ခုနှုန်းစနစ်ဖြင့် ရွေးချယ်ခြင်းဖြစ်ကြောင်း ပြန်လည် ရှင်းလင်းခဲ့ပြီး အထဲတွင် နေရာလွတ် ရှိပါက ထည့်သွင်းပေးမည်ဟု ပြန်လည် ဖြေကြားခဲ့သည်။

သို့သော် ပွဲအပြီး အခြားသတင်းထောက်များ၏ ပြန်လည် ပြောကြားမှုအရ အထဲတွင် နေရာလွတ်များ ရှိကြောင်း သိရပြီး အပြင်သို့ ထွက်ခေါ်ခြင်းလည်း မရှိခဲ့ပေ။

မီဒီယာများကို ကန့်သတ်ချန်လှပ်ခဲ့ရာတွင် ပြည်တွင်းမီဒီယာများသာ ပါဝင်ခဲ့ပြီး နိုင်ငံတကာ မီဒီယာအားလုံးနှင့် ပြည်ပအခြေစိုက် မီဒီယာအားလုံးကိုမူ ၀င်ခွင့်ပေးခဲ့သည်။

ထို့ပြင် ခြံစည်းရိုးပြင်ပ အများပြည်သူ သွားလာနေသည့် ရွှေလီလမ်းပေါ်မှ သတင်းထောက်များ ဓာတ်ပုံရိုက်ယူသည်ကို ခွင့်မပြုဘဲ ရဲတပ်ဖွဲ့ဝင်များအား ခေါ်ယူ၍ ဖယ်ရှားခိုင်းခဲ့သည်။

အေးချမ်းမွန် Credit To > Eleven Media Group https://www.facebook.com/excellencemedia

Post a Comment

 
Top