0


နန်းမြင့်|အင်္ဂါနေ့၊ နိုဝင်ဘာလ ၁၂၊ ၂၀၁၃ ခုနှစ်

အခမဲ့ ယာဉ်ရပ်နားခွင့်ပြုထားသည့် နေရာများတွင်လည်း အခကြေးငွေ ကောက်ခံသွားရန် စီစဉ်

ရန်ကုန်တိုင်းအတွင်း ယာဉ်မရပ်ရနေရာ ၂၁ နေရာကို ထုတ်ပြန်လိုက်ရာ ယင်းနေရာများတွင် ယာဉ်ရပ်ပါက ဆွဲယာဉ်ဖြင့် ဆွဲမည်ဖြစ်ပြီး ဆွဲယာဉ်ခပါ ပေးဆောင်ရမည့်အပြင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေအရလည်း အရေးယူခြင်းခံရမည်ဖြစ်သည်ဟု တိုင်းဒေသကြီးအစိုးရအဖွဲ့က နိုဝင်ဘာ ၁၁ရက် နိုင်ငံ ပိုင်သတင်းစာများမှတဆင့် ထုတ်ပြန်လိုက်သည်။

ယင်းသို့ဆွဲယာဉ်ဖြင့်ဆွဲခြင်းကို နိုဝင်ဘာ ၁၁ ရက်က စတင်ခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေ ဖြင့် ယဉ်မရပ်ရသည့်နေရာများ သတ်မှတ်ရခြင်းမှာ ရန်ကုန်မြို့တော်အတွင်း လမ်းပန်းဆက်သွယ်မှု လုံခြုံ ချောမွေ့စေရေးအတွက် ဖြစ်သည်ဟုလည်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

စည်းကမ်းမဲ့ ရပ်နားထားသည့် ယာဉ်များကို ဆွဲယာဉ်ဖြင့်ဆွဲခြင်းကို ကရိန်းလုပ်ငန်းနှစ်ခုကို လုပ်ကိုင်ခွင့် ပေးထားသည်ဟုလည်း အမှတ်(၂) ယာဉ်ထိန်းရဲ တပ်ဖွဲ့ခွဲမှူးရုံးမှ အကြီးတန်းအရာရှိတစ်ဦးက မဇ္ဈိမကို ပြောသည်။ စည်းကမ်းမဲ့ယာဉ်များကို ဆွဲယာဉ်ဖြင့် သတ်မှတ်ထားသော ယာဉ်ရပ်နားစခန်းသို့ သယ်ယူ သွားမည် ဖြစ်သည်။

အမှတ် (၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးမှ အကြီးတန်းအရာရှိတစ်ဦးက “ယာဉ်ဆွဲဖို့ ကရိန်းလုပ်ငန်းနှစ်ခုကို ပေးထားတယ်။ သူတို့ကလာဆွဲမယ်။ ရန်ကုန်စည်ပင်သာယာရေး ကော်မတီဥပဒေနဲ့ အရေးယူသွားမယ်။ အဲဒါတွေအားလုံးကို စည်ပင်က ဦးဆောင်မယ်။ အရင်က ယာဉ်ထိန်းချလံနဲ့ တရားဆွဲလို့ ယာဉ်ထိန်းရုံးမှာ အမှုဖွင့်တယ်။ အခုက စည်ပင်ဥပဒေဖြစ်လို့ စည်ပင်ချလံနဲ့ ဖမ်းမယ်”ဟု ပြောသည်။

ယင်းအပြင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက တိုးချဲ့ဖောက်လုပ်နေသော ပလက်ဖောင်း များနှင့် ကားလမ်းအကြား ယာဉ်ရပ်နားရန်ပြုလုပ်ထားသည့် နေရာများတွင် ယာဉ်ရပ်နားခြင်းကို ယာဉ်ရပ် နားခရယူပြီး ယာယီခွင့်ပြုပေးရန်လည်း စီစဉ်နေပြီး သင့်တော်သောကာလတွင် ယာယီရပ်နားခြင်းကို ပိတ်သိမ်းမည်ဖြစ်သည်။ အဆိုပါ ယာဉ်ရပ်နားရာနေရာများမှာ လက်ရှိအချိန်ထိ အခမဲ့ ရပ်နားခွင့်ပေးထား ခြင်း ဖြစ်သည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ လမ်းတံတားဌာနမှ ဒုတိယဌာနမှူး ဦးမျိုးလွင်က “ကားရပ်နားဖို့အတွက် ဈေးနှုန်းက စိစစ်နေတုန်း ပြောလို့မရသေးဘူး။ အခုကတော့ အခမဲ့ ရပ်နားခွင့် ပြုထား တယ်”ဟု ပြောသည်။

ရန်ကုန်မြို့တော်အတွင်း ယာဉ်စည်းကမ်း လမ်းစည်းကမ်းထိန်းသိမ်းရာတွင် အထောက်အကူ ဖြစ်စေရန်၊ ယာဉ်ကြောပိတ်ဆို့မှု လျော့နည်းကာ အများပြည်သူသွားလာရေး အဆင်ပြေစေရန် လတ်တလော အခြေအနေတွင် သတ်မှတ်ထားသောလမ်းကြောင်းများတွင် ခရီးသည်အတင်အချပြုရန်မှတပါး မည်သည့်ယာဉ် မှ ရပ်နားခြင်းမပြုရန် ယာဉ်မရပ်ရနယ်မြေများ သတ်မှတ်ခြင်း ဖြစ်သည်။

ရန်ကုန်တိုင်းအတွင်း ယာဉ်မရပ်ရနေရာအား၂၁ နေရာသတ်မှတ်ထားပြီး ယင်းတို့မှာ တောင်မြောက်လမ်း များဖြစ်သည့် ထောက်ကြန့်လမ်းစုံမှ ပြည်လမ်းအတိုင်း၊ ၄င်းမှ ဘုန်းကြီးလမ်းနှင့် ကမ်းနားလမ်းအဆုံး စသည့်လမ်းများအပြင် အရှေ့အနောက်လမ်းများမှာ မင်္ဂလာဒုံမြို့နယ်၊ အမှတ်(၃)လမ်းမကြီးနှင့် ခရေပင် လမ်းဆုံမှ ခရေပင်လမ်းအတိုင်း၊ ပြည်လမ်းဆုံ အစရှိသည့် လမ်းများဖြစ်သည်။ ကျန်ရှိသည့် လမ်းများကိုလည်း ယာဉ်ရပ်နားခြင်းအား တစ်ဆင့်ပြီးတစ်ဆင့် အရေးယူဆောင်ရွက်သွားမည်ဟုလည်း ထုတ်ပြန် ချက်တွင် ပါရှိသည်။

အေးချမ်းမွန် Credit To >Mizzima - News in Burmese https://www.facebook.com/excellencemedia

Post a Comment

 
Top