အေးမြင့်စန်း|အင်္ဂါနေ့၊ နိုဝင်ဘာလ ၁၂၊ ၂၀၁၃ ခုနှစ်လိုင်စင်ရုပ်သိမ်းခြင်းခံထားရသည့် တရားလွှတ်တော်ရှေ့နေ ၂၀၀ ကျော်၏ အမည်နှင့် ဖြစ်စဉ်များကို ပြည်သူ့လွှတ်တော်၊ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီထံ အသေးစိတ်တင်ပြသွားရန် အထက်မြန်မာနိုင်ငံ ရှေ့နေကွန်ရက်အဖွဲ့ဝင်များကို ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်သည်။ပြည်သူ့လွှတ်တော်သို့ လေ့လာရေးလာရောက်သည့် အဆိုပါကွန်ရက်အဖွဲ့ဝင်များနှင့် ဒေါ်အောင်ဆန်းစု ကြည်တို့ နေပြည်တော်ရှိ လွှတ်တော်ဝင်းအတွင်း နိုဝင်ဘာ ၁၁ ရက်၌ တွေ့ဆုံစဉ် ယင်းသို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။ ထိုသို့တွေ့ဆုံစဉ် ဥပဒေနှင့်လျော်ညီသည့် ခုခံချေပခွင့်ကိုပင်မရဘဲ လိုင်စင်ရုပ်သိမ်းခံထားရသည့် ရှေ့နေ ၂၀၀ ကျော်ရှိသည်ဟု လေ့လာရေးအဖွဲ့ ခေါင်းဆောင်ဖြစ်သူ တရားလွှတ်တော်ရှေ့နေ ဦး သိန်းသန်းဦး၏ တင်ပြချက်အပေါ် ဒေါ်အောင်ဆန်းစုကြည်က ယင်းသို့ ဆောင်ရွက်စေခြင်း ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်က “အဲသည့်ကိစ္စကို ကျွန်မတို့ကော်မတီကိုတင်ပါ၊ တိတိကျကျတင်ပါ၊ ဒီကိစ္စက တရားဥပဒေစိုးမိုးရေးနဲ့ဆိုင်ရင်ကျွန်မတို့ကိုင်တွယ်လို့ရပါတယ်၊ ရိုးရိုးစီရင်ချက်တွေဆိုရင်တော့ ဦးအောင် ကိုကော်မတီ (တရားစီရင်ရေး၊ ဥပဒေရေးရာနှင့်တိုင်ကြားစာများ၊အသနားခံစာများ၊ စိစစ်ဆောင်ရွက်ရေး ကော်မတီ)ကို သွားရပါတယ်။ ဒါက တရားဥပဒေစိုးမိုးရေးနဲ့ဆိုင်တဲ့အတွက် ကျွန်မတို့ဆီ တင်လို့ရပါတယ်၊ လူတိုင်းမှာ ခုခံချေပပိုင်ခွင့် ရှိရမယ်။ အဲဒီခုခံချေပတာ လုံလောက်ရင်လဲ လုံလောက်သလို၊ မလုံလောက် ရင်လဲ မလုံလောက်သလို ချေပခွင့်ရှိတယ်”ဟု ဆိုသည်။
အဆိုပါရှေ့နေများသည် အသက်မွေးဝမ်းကြောင်းဆိုင်ရာ မတော်မလျော် ပြုကျင့်ခြင်း၊ ရှေ့နေကျင့်ဝတ်သိက္ခာဆိုင်ရာ ချိုးဖောက်ခြင်း စသည့် အကြောင်းပြချက်များဖြင့် လိုင်စင်ရုပ်သိမ်းခံခဲ့ရသည်ဟု ဦးသိန်း သန်းဦးက ရှင်းပြသည်။
“ဥပဒေနဲ့အညီ ခုခံချေပခွင့်လည်း မရှိဘူး။ တကယ်တမ်း တရားလွှတ်တော်ချုပ်ရှေ့မှာ စွပ်စွဲခံရတဲ့ တရားလွှတ်တော်ရှေ့နေရယ်၊ ရှေ့နေချုပ်ရုံးရယ်၊ ဘားကောင်စီက သုံးပွင့်ဆိုင် လျှောက်လဲချက်ပေးပြီးမှ တရားရုံးချုပ်က အမိန့်ချရမှာပါ”ဟု ၎င်းက သုံးသပ်သည်။
မြန်မာနိုင်ငံတွင် ၁၉၇၁ ခုနှစ်မှစ၍ ၂၀၁၂ ခုနှစ်အထိ နိုင်ငံရေးပါတီဝင် ရှေ့နေများအပါအ၀င် လိုင်စင်ရုပ်သိမ်းခံရသော ရှေ့နေ ၂၀၀ ကျော်ရှိနေသည်ဟု အထက်မြန်မာနိုင်ငံ ရှေ့နေများကွန်ရက်မှ သိရသည်။
အေးချမ်းမွန် Credit To >Mizzima - News in Burmese https://www.facebook.com/excellencemedia
Post a Comment