Created on Friday, 22 November 2013 04:27
၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကို ဘက်လိုက်ခြင်း မရှိဘဲ ပွင့်လင်းမြင်သာစွာ ကျင်းပနိုင်ရေးအတွက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နှင့် နိုင်ငံရေး ပါတီများ၏ ညှိနှိုင်းတိုင်ပင်ခြင်း အလုပ်ရုံဆွေးနွေးပွဲကို နိုဝင်ဘာ ၂၂ ရက်(ယနေ့)တွင် ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ အလုပ်ရုံ ဆွေးနွေးပွဲကို ရန်ကုန် မြို့ရှိ ပန်ဒါဟိုတယ်၌ နံနက် ၈ နာရီမှ ညနေ ၅ နာရီထိ ပြုလုပ်သွားမည်ဖြစ်ပြီး ''ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သည် လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲများ ကျင်းပရာ၌ တူညီသော အခွင့်အရေးဖြင့် ဘက်လိုက်ခြင်းမရှိဘဲ ပွင့်လင်းမြင်သာမှုဖြင့် အောင်မြင်စွာ ကျင်းပနိုင်ရန် ရည်ရွယ်၍ IFES နှင့်ပူးပေါင်း၍ မဟာဗျူဟာ စီမံချက် (၂၀၁၄-၂၀၁၈) ဒုတိယမူကြမ်းကို ချပြပြီး တွေ့ဆုံဆွေးနွေး တုံ့ပြန်မှုရယူ လိုပါသည်'' ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ နိုင်ငံရေး ပါတီများသို့ ဖိတ်ကြားသည့်စာတွင် ဖော်ပြထားသည်။
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အနေဖြင့် အဆိုပါ အများယုံကြည် လက်ခံသည့် ရွေးကောက်ပွဲ ကျင်းပနိုင်ရေး အတွက် ၎င်းတို့ရေးဆွဲထားသည့် မဟာဗျူဟာ စီမံချက်တစ်ခုကို အောက်တိုဘာ ၂၉ ရက် ရက်စွဲဖြင့် နိုင်ငံရေး ပါတီများသို့ ပေးပို့ခဲ့ကာ ပါတီများ၏ အကြံပြုချက်များကို နိုဝင်ဘာ ၈ ရက်နောက်ဆုံးထား ပြန်လည်ပေးပို့ရန် တောင်းခံထားပြီး ဖြစ်ကြောင်း သိရသည်။
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ပေးပို့သည့် မဟာဗျူဟာ စီမံချက်တွင် အချက်(၁၂)ချက် ပါဝင်ပြီး အဆိုပါ အချက်များတွင် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ငန်းလမ်းညွှန်၊ ညွှန်ကြားချက်များနှင့် လိုက်နာရန် ကျင့်ဝတ်များ ပြင်ဆင်ရေးဆွဲရေး၊ ပြည့်စုံမှန်ကန်သော မဲဆန္ဒရှင် စာရင်းပြုစုရေး၊ အစိုးရ အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ၊ လူမှုရေး အဖွဲ့အစည်းများ၊ ပြည်တွင်းပြည်ပ စောင့်ကြည့် လေ့လာသူများနှင့် ပူးပေါင်းဆောင်ရွက်ရေး အချက်များ ပါဝင်သည်။
နိုင်ငံရေး ပါတီများနှင့် လွှတ်တော် ကိုယ်စားလှယ်လောင်းများအား ဥပဒေနှင့်အညီ ကြီးကြပ်ရေး၊ ရွေးကောက်ပွဲ အငြင်းပွားမှုများ ဖြေရှင်းရေး၊ ရွေးကောက်ပွဲ ကန့်ကွက်လွှာများ စီရင်ဆုံးဖြတ်ရေးနှင့် တိုင်းရင်းသားများ၊ အမျိုးသမီးများနှင့် မသန်စွမ်းသူများ ပါဝင်မှုမြှင့်တင်ရေး စသည့်အချက်များလည်း ရွေးကောက်ပွဲ ကော်မရှင်၏ မဟာဗျူဟာ ရည်မှန်းချက်များတွင် ပါဝင်သည်။
ထို့ပြင် အဆိုပါ မဟာဗျူဟာ အစီအစဉ်တွင် ပြင်ပအန္တရာယ်များအဖြစ်အကြမ်းဖက်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ ဖိအားပေးခြင်း၊ စွက်ဖက်ခြင်း၊ တရားမဲ့ပြုကျင့်ခြင်း၊ သဘာဝဘေး အန္တရာယ်၊ မမှန်သတင်းများ ထုတ်ပြန်ခြင်းနှင့် နိုင်ငံရေးတည်ငြိမ်မှု မရှိခြင်းစသည့် အချက်များကို ဖော်ပြထားပြီး အခွင့်အလမ်းများအဖြစ် မီဒီယာ၊ လူမှုအဖွဲ့အစည်းများ၊ အစိုးရ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ ရွေးကောက်ပွဲ ဆိုင်ရာဥပဒေ၊ နည်းဥပဒေများ၊ ပြင်ဆင်ခြင်းဖြည့်စွက်ခြင်း စသည့် အချက်များကိုလည်း ဖော်ပြထားသည်။
လာမည့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲဖြစ်အောင် လုပ်ဆောင် သွားမည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက အောက်တိုဘာလအတွင်း ပြောကြားထားသည်။
အေးချမ်းမွန် Credit To >Eleven Media Group
Post a Comment