Created on Friday, 22 November 2013 03:30
မန္တလေး ဘူတာကြီးမှ ပြေးဆွဲနေသော ရထားခရီးစဉ်များတွင် ဂုတ်ထိပ်တံတားအား ဖြတ်သန်းသည့် မန္တလေး-လားရှိုး ရထားခရီးစဉ်၌ နိုင်ငံခြား ခရီးသွားဧည့်သည်များ လိုက်ပါစီးနင်းမှု များပြားကြောင်း သိရသည်။
နိုင်ငံခြားခရီးသွား ဧည့်သည် အ၀င်များသော အောက်တိုဘာလ အတွင်း၌ လိုက်ပါစီးနင်းမှု သိသိသာသာ များပြားခဲ့ပြီး စီးနင်းမှု၏ သုံးပုံနှစ်ပုံခန့်မှာ မန္တလေး-လားရှိုး ခရီးစဉ်အား စီးနင်းကြပြီး မန္တလေး ဘူတာကြီးမှ လိုက်ပါစီးနင်းမှုအပြင် ပြင်ဦးလွင်ဘူတာ၊ ကျောက်မဲဘူတာနှင့် သီပေါဘူတာ များမှလည်း လိုက်ပါစီးနင်းမှုများ ရှိကြောင်း သိရသည်။
''ရထားခရီးစဉ် တွေထဲမှာ နိုင်ငံခြားသား ခရီးသွားဧည့်သည် အစီးများတဲ့ ခရီးစဉ်က မန္တလေး-လားရှိုး ခရီးစဉ်နဲ့ မန္တလေး-ပုဂံ ခရီးစဉ်ပဲ ရှိပါတယ်။ ရထားခရီးစဉ် လိုက်ပါစီးနင်းတဲ့ နိုင်ငံခြားသားဧည့်သည် သုံးပုံနှစ်ပုံက ဂုတ်ထိပ်တံတားကို ကြည့်ဖို့အတွက် မန္တလေး-လားရှိုး ခရီးစဉ်ကို လိုက်ပါစီးနင်း ကြတာဖြစ်ပြီး မန္တလေးကနေ လားရှိုးအထိ စီးနင်းမှုနည်းတယ်။ မန္တလေး-သီပေါ အတွင်းမှာရှိတဲ့ ဘူတာစဉ်တွေမှာပဲ စီးနင်းလိုက်ပါမှု များတယ်'' ဟု မြန်မာ့မီးရထား (မန္တလေးတိုင်း) သွား၊ လာဌာနမှ မန်နေဂျာက ပြောကြားသည်။ အောက်တိုဘာလအတွင်း မန္တလေးဘူတာကြီးမှ ပြေးဆွဲနေသော ခရီးစဉ်များတွင် နိုင်ငံခြားသား ခရီးသွား ၅၁၄ ဦး၊ မန္တလေး-လားရှိုး ခရီးစဉ်အား ပြင်ဦးလွင်ဘူတာ မှ ၄၁၁ ဦး၊ ကျောက်မဲဘူတာမှ ၁၆၄ ဦးနှင့် သီပေါဘူတာမှ ၂၀၄ ဦး စီးနင်း လိုက်ပါခဲ့ကြောင်း၊ မြန်မာ့မီးရထားတိုင်း အမှတ် (၃) နယ်မြေအတွင်းရှိ ရထားခရီးစဉ်များ၌ အောက်တိုဘာလအတွင်း နိုင်ငံခြား ခရီးသွားဧည့်သည် ၁၃၃၈ ဦး စီးနင်းခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ် ကျောက်မဲမြို့နှင့် နောင်ချိုမြို့ အနားရှိ ဂုတ်တွင်းလမ်းပိုင်း တစ်နေရာအား တွေ့ရစဉ်
အေးချမ်းမွန် Credit To >Eleven Media Group
Post a Comment