Created on Friday, 22 November 2013 05:07
ပြည်တွင်းနိုင်ငံရေးပါတီ ၁၁ ခုနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ထိုင်းနိုင်ငံချင်းမိုင်၌ ယနေ့ (နိုဝင်ဘာ ၂၂ရက်) တွေ့ဆုံကာ ငြိမ်းချမ်းရေး၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေး၊ အပစ်အခတ် ရပ်စဲရေးနှင့် နိုင်ငံရေး ဆွေးနွေးပွဲဆိုင်ရာ ကိစ္စရပ်များကို အလွတ်သဘော တွေ့ဆုံဆွေးနွေးမည် ဖြစ်ကြောင်း နိုဝင်ဘာ ၂၁ ရက် မွန်းလွဲပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ အဆိုပါ ဆွေးနွေးပွဲသို့ တက်ရောက်မည့် နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၏ ပြောကြားချက်များအရ သိရသည်။
ထိုသို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် ပြည်တွင်း နိုင်ငံရေးပါတီ ၁၁ ခု တို့သည် နိုဝင်ဘာ ၂၂ ရက်တွင် တွေ့ဆုံရန် စီစဉ်ထားပြီး နိုဝင်ဘာ ၂၃ ရက်တွင် ထိုင်းနိုင်ငံရောက် နိုင်ငံရေး အင်အားစုများ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းများနှင့် တွေ့ဆုံရန် စီစဉ်ထားသည်ဟု ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီ အတွင်းရေးမှူး ဦးမျိုးညွန့်က ပြောကြားသည်။
''အလွတ်သဘော ဆွေးနွေးမှာပါ။ အခုသွားတဲ့ နေရာမှာ ဒီအဖွဲ့ရဲ့ အစုအဝေးအနေနဲ့စုပြီး သွားမှာမဟုတ်ပါဘူး။ ကိုယ့်သဘောထား ကိုယ်ပြောမှာပါ။ ငြိမ်းချမ်းရေးနဲ့ ဖြစ်စေ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ဖြစ်စေ၊ အပစ်အခတ် ရပ်စဲရေးနဲ့ဖြစ်စေ၊ နိုင်ငံရေး ဆွေးနွေးပွဲများဖြစ်စေ အဲဒါတွေနဲ့ ပတ်သက်လို့ သူတို့သဘောထားတွေကို အန်ကယ်တို့ နားထောင်မယ်။ အန်ကယ်တို့ကလည်း ကိုယ့်သဘောထားတွေကို ပြောပြမှာပေါ့'' ဟု ဦးမျိုးညွန့်က ပြောကြားသည်။
ဒီမိုကရက်တစ်ပါတီ(မြန်မာ)မှ ဒေါ်သန်းသန်းနုက ''အစိုးရက ကျွန်မတို့ကို အားလုံးပါဝင်တဲ့ ငြိမ်းချမ်းရေး ညီလာခံကြီးတစ်ရပ် ကျင်းပမယ်ဆိုရင် အခုကတည်းက နိုင်ငံရေး အဖွဲ့အစည်းတွေနဲ့ ဟိုဘက်က တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ ရင်းနှီးမှုရှိအောင်သွားတဲ့ သဘောပါပဲ။ သူတို့တွေ ဘာတွေပြောချင်လဲ ဆိုတာကို များများနားထောင် လာမှာပါ'' ဟု ပြောကြားသည်။
''ဒီခရီးစဉ်မှာ အန်ကယ်ထင်တာက သူတို့ကလည်း နိုင်ငံရေးပါတီတွေရဲ့ သဘောဆန္ဒ၊ လူထုရဲ့သဘောဆန္ဒကို မေးမှာပါ။ လူထုရဲ့သဘောဆန္ဒက ငြိမ်းချမ်းရေး လိုချင်တယ်၊ နိုင်ငံရေးပါတီတွေက ငြိမ်းချမ်းရေး လိုချင်တယ် ဆိုတော့ သူတို့အများကြီး ထည့်စဉ်းစား နိုင်တာပေါ့။ တိုင်းပြည်အတွက် အများကြီး အထောက်အကူ ဖြစ်မယ်လို့ ထင်ပါတယ်'' ဟု ကရင်ပြည်သူ့ ပါတီဥက္ကဋ္ဌ ဦးစောထွန်းအောင်မြင့်က ပြောကြားသည်။
ထိုင်းနိုင်ငံ၌ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၊ နိုင်ငံရေး အင်အားစုများ အရပ်ဘက်လူမှု အဖွဲ့အစည်းများနှင့် တွေ့ဆုံရန် မူလကပြည်တွင်း နိုင်ငံရေးပါတီ ၁၂ ခု ကို ဖိတ်ကြားထားသော်လည်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ လိုက်ပါနိုင်ခြင်းမရှိဘဲ အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ၊ ဒီမိုကရက်တစ်ပါတီ(မြန်မာ)၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ၊ ကရင်ပြည်သူ့ပါတီ၊ ချင်းတိုးတက်ရေးပါတီ၊ ချင်းအမျိုးသားပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်၊ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီများမှ ကိုယ်စားလှယ်များသာ ထိုင်းနိုင်ငံချင်းမိုင်သို့ သွားရောက်နိုင်ခဲ့ကြောင်း သိရသည်။
နိုင်ငံရေးပါတီများ၏ ထိုင်းနိုင်ငံခရီးစဉ်သည် နိုဝင်ဘာ ၂၁ ရက်မှ ၂၄ ရက်အထိ ကြာမြင့်မည် ဖြစ်ကြောင်း သိရသည်။
ချင်းမိုင်ဆွေးနွေးပွဲ တက်ရောက်ရန် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ထွက်ခွာသွားသော ဗိုလ်ချုပ်ဂွမ်မော်အား နိုဝင်ဘာ ၂၁ ရက်က တွေ့ရစဉ်
အေးချမ်းမွန် Credit To >Eleven Media Group
Post a Comment