0

Created on Wednesday, 27 November 2013 01:02 

ရန်ကုန်-မြ၀တီ ကုန်သွယ်ရေးလမ်းကြောင်းမှာ တရားဝင်ကုန်သွယ်မှု ကျဆင်းနေသဖြင့် ကြပ်မတ်ဖမ်းဆီးရာမှ ဘေထုပ်(လေဘေးထည်) စုစုပေါင်း ၃၉၆ ထုပ်အပါအ၀င် တရားမ၀င် ကုန်စည်များ အဆက်မပြတ် ဖမ်းဆီးရမိနေကြောင်း တရားမ၀င် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီမှ ညွှန်ကြားရေးမှုး ဦးသိန်းထွန်းဦးက နိုဝင်ဘာ ၂၆ ရက်က ပြောကြားသည်။

ရန်ကုန်-မြ၀တီ ကုန်သွယ်မှု လမ်းကြောင်း၏ အဓိကနေရာဖြစ်သည့် စစ်တောင်း တံတားလမ်းဟောင်းနှင့် လမ်းသစ်ဆုံရာ ကုန်သွယ်မှု လမ်းကြောင်းများတွင် ယခင်က တစ်လလျှင် အမေရိကန်ဒေါ်လာသန်း ၄၀ ၀န်းကျင် ကုန်သွယ်မှု ပြုလုပ်သော်လည်း စက်တင်ဘာလခန့်မှ စတင်ကာ တစ်လလျှင် အမေရိကန်ဒေါ်လာ သန်း ၂၀ ၀န်းကျင်အထိသာ တရားဝင်လိုင်စင်ဖြင့် ကုန်သွယ်မှု ပြုလုပ်သည့်အထိ ကုန်သွယ်မှု ကျဆင်းလာသဖြင့် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့သို့ ဖမ်းဆီးခွင့် လွှဲပြောင်းထားသည့် တရားမ၀င် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီ လှုပ်ရှား -၂ မှ အဓိကကျသည့် ညောင်ခါးရှည်လမ်းကြောင်းတွင် စောင့်ဆိုင်း ဖမ်းဆီးမှုများ ပြုလုပ်ခဲ့သည်။

လတ်တလောကာလတွင် အများဆုံး ဖမ်းဆီးမိသည့် ဖြစ်စဉ်အဖြစ် ဘေထုပ်အထည်များ ဖမ်းဆီးခဲ့မိခြင်းဖြစ်ပြီး ထိုအထည်များမှာ ရန်ကုန်မြို့ လှိုင်မြို့နယ်ရှိ ကုမ္ပဏီတစ်ခုက ထိုင်းနိုင်ငံမှ တင်သွင်းခဲခြင်းဖြစ်ပြီး တင်သွင်းရာတွင် ငရုတ်သီးခြောက်များလည်း ပါဝင်ခဲ့ကြောင်း သိရသည်။

ဘေထုပ်များအား မြေပြင်ဈေးကွက် အနေအထားအရ ခန့်မှန်းတန်ဖိုး တွက်ချက်နိုင်မှု မရှိသော်လည်း ဘေထုပ်တစ်ထုပ်လျှင် အမျိုးအစားအလိုက် ကျပ်သုံးသိန်းဝန်းကျင်ခန့်မှ ကျပ် ၁၅ သိန်း ၀န်းကျင်ခန့်အထိ ရှိနေကြောင်း သိရသည်။

"လျှောက်တဲ့လိုင်စင်နဲ့ တင်သွင်းတဲ့ ကုန်စည် လွဲမှားနေတာပါ။ သူတို့လျှောက်တဲ့ ကုန်စည်တွေထဲမှာ တန်ဖိုးကြီး တံဆိပ်အ၀တ်အထည်တွေ တင်သွင်းမယ်လို့ လျှောက်ထားပေမဲ့ တကယ်တင်လာတော့ ဘေထုပ်တွေ ဖြစ်နေလို့ ဖမ်းဆီးအရေးယူတာပါ။ အခုရက်ပိုင်းမှာလည်း တရားမ၀င် ကုန်စည်မျိုးစုံကို ဆက်တိုက် ဖမ်းဆီးမိနေပါတယ်"ဟု ဦးသိန်းထွန်းဦးက ပြောကြားသည်။

"ဖမ်းဆီးမိတဲ့ အသားတုတွေ ကြက်သည်းမြစ်တွေကို မီးရှို့ဖျက်ဆီးမှုလုပ်တာ ကျပ်သိန်း ၁၂၀ ကျော်ဖိုးလောက် ရှိပါတယ်။ ဖမ်းဆီးမိတဲ့ ကုန်စည်တွေမှာ ပုတ်သိုးလွယ်တဲ့ ကုန်စိမ်းတွေပါရင် နေ့ချင်းပြီး လေလံတင် ရောင်းချသလို ရတဲ့ငွေကိုလည်း တိုင်းဒေသကြီးအစိုးရကို နေ့ချင်းလွှဲပေးပါတယ်။ ကျွန်တော်တို့ တာဝန်ယူရတဲ့ ငါးလကျော် ကာလအတွင်းမှာ အမှုတွဲပေါင်း ၃၀၀ ကျော်နဲ့ တန်ဖိုးပေါင်း ကျပ်သိန်း ၃၀၀၀၀ ကျော်ဖိုးအထိ ဖမ်းဆီးမိထားပါတယ်"ဟု တရားမ၀င် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီ လှုပ်ရှား-၂မှ အဖွဲ့ခေါင်းဆောင် ဦးယဉ်ထွေးက ပြောကြားသည်။

တရားမ၀င် တင်သွင်းနေသည့် ကုန်စည်များအား စတင်ဖမ်းဆီးသည့်အချိန်မှ တစ်နှစ်ခန့်ကာလအတွင်း တရားမ၀င်ကုန်စည် ဖမ်းဆီးမှုမှ ကျပ်ငွေ ၇ ဒသမ ၈ ဘီလျံကျော်ခန့်နှင့် မှောင်ခိုကုန်သွယ်မှုများ ပပျောက်စေရန် နယ်စပ်နေ ပြည်သူများအတွက် ကုန်သွယ်မှုကတ် ထုတ်ပေးမှုမှ ကျပ်ငွေ ၄ ဒသမ ၅ ဘီလျံကျော်ခန့်အထိ ရရှိခဲ့ကြောင်း တရားမ၀င် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီမှ သိရသည်။

အေးချမ်းမွန် Credit To >Eleven Media Group

Post a Comment

 
Top