Created on Sunday, 10 November 2013 17:34
မြိတ်ကျွန်းစု တောင်ပိုင်းဒေသတွင် ရေခူများ ပေါ်နေသောကြောင့် တံငါသည်များ၏ စားဝတ်နေရေးအတွက် အထောက်အကူတစ်ခု ဖြစ်နေကြောင်း သိရသည်။
ရေခူများမှာ ပင်လယ်ပြင်အတွင်း မိုးအကုန် ဆောင်းအကူး ကာလများတွင် ပေါ်တတ်ကြောင်း၊ ရေအောက်ကြမ်းပြင်များတွင် နေထိုင်သော ရေခူများမှာ ပင်လယ်ရေမျက်နှာပြင်ပေါ်သို့ ရေစီးကြောင်း ပြောင်းလဲမှုကြောင့် တက်လာတတ်ကြောင်း သိရသည်။ ပင်လယ်ရေမျက်နှာပြင်ပေါ်သို့ တက်လာသော ရေခူများကို တံငါသည်များက လိုက်လံကောက်ယူပြီး အစိုနှင့် အခြောက်များ ပြုလုပ်ကာ ထိုင်းနိုင်ငံသို့ သွားရောက်ရောင်းချကြောင်း သိရသည်။
"အခုလက်ရှိ ကော့သောင်း၊ သူဌေးကျွန်းနဲ့ ဆလုံကျွန်းတစ်ဝိုက်မှာ ရေခူတွေ ပေါ်နေပါပြီ။ တံငါသည်လေးတွေက ရေခူတွေ လိုက်ကောက်ပြီး ရောင်းချရလို့ စားဝတ်နေရေးအတွက် အထောက်အကူ ရနေပါတယ်။ လှေတစ်စီးကို ရေခူအလုံးရေ ၆၀၀ ကနေ ၈၀၀ အထိ ကောက်နိုင်ကြတယ်။ ရေခူအစိုတွေကို ထိုင်းနိုင်ငံကို သွားရောက်ရောင်းချပြီး တစ်ရက်ကို တစ်သိန်းကျော်လောက် ၀င်ငွေရကြတယ်" ဟု ကော့သောင်းမှ ရေလုပ်ငန်းရှင် တစ်ဦးက ပြောကြားသည်။
ရေခူရာသီမှာ နှစ်စဉ်အောက်တိုဘာလ အကုန်မှ မေလအထိ ရှိကြောင်း၊ ရေခူများမှာ မြိတ်ကျွန်းစု တောင်ပိုင်းမှ တဖြည်းဖြည်းပေါ်လာပြီး ကော့သောင်း၊ ဘုတ်ပြင်း၊
မြိတ်၊ ပလောမြို့နယ်များရှိ ရေပြင်များတစ်လျှောက် ပေါ်လာတတ်ကြောင်း သိရသည်။ "ပြီးခဲ့တဲ့နှစ်ကတော့ ရေခူတွေက နှစ်လလောက်ပဲ ပေါ်ခဲ့တယ်။ ဒီနှစ်မှာတော့ ကော့သောင်းရေပြင် တစ်လျှောက်မှာ အများကြီး ပေါ်နေတာ တွေ့ရတယ်။ ယခုလက်ရှိ လှေအစီး ၂၀၀ လောက်နဲ့ ရေခူတွေ ကောက်နေတာ တွေ့ရတယ်။ အရင်နှစ်တွေတုန်းက ထိုင်းနိုင်ငံက ရေခူတွေ ၀ယ်ယူရာမှာ ရေခူကိုယ်ထည်ကိုပဲ ၀ယ်ယူခဲ့ကြပေမယ့် ဒီနှစ်မှာတော့ ရေခူကိုယ်ထည်ရော၊ ခြေထောက်တွေကိုပါ ၀ယ်ယူနေကြတာ တွေ့ရတယ်" ဟု ကော့သောင်းမြို့မှ ရေလုပ်ငန်းရှင် ဦးကျော်ဇေယျက ပြောကြားသည်။
ရေခူအစို ဈေးနှုန်းများမှာ ယခုလက်ရှိ တစ်လုံးလျှင် ခြောက်ဘတ်အထိ ဈေးပေးဝယ်နေပြီး ကိုယ်ထည်တစ်လုံးလျှင် လေးဘတ်၊ ခြေပိုင်းကို နှစ်ဘတ်ဖြင့် ၀ယ်နေကြောင်း သိရသည်။
ကော့သောင်းမြို့အနီးမှ ရေခူလုပ်ငန်းခွင် တစ်ခုကို တွေ့ရစဉ်
အေးချမ်းမွန် Credit To >Eleven Media Group
Post a Comment