0


Created on Sunday, 10 November 2013 17:29

နိုင်ငံခြားသား ခရီးသွား အများအပြား လာရောက်လည်ပတ်နေကြသည့် အင်းဝရှေးဟောင်း ယဉ်ကျေးမှုဇုန် အတွင်းရှိ လမ်းအများစုမှာ ပျက်စီးမှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။

မန္တလေး ရှေးဟောင်းယဉ်ကျေးမှု ဇုန်အတွင်းရှိ အင်းဝမြို့ဟောင်းတွင် ယခုနှစ် ခရီးသွားရာသီ စတင်ချိန်တွင် နိုင်ငံခြားသား ခရီးသွားများ အများအပြား လာရောက်လည်ပတ် နေကြပြီး သွားလာရာတွင် လမ်းများပျက်စီးနေမှုကြောင့် ပြုပြင်ပေးရန် လိုအပ်နေကြောင်း ဒေသခံများနှင့် ခရီးသွား ဧည့်လမ်းညွှန်များမှ ဝေဖန်ပြောဆို နေမှုများ ရှိနေကြသည်။

"အင်းဝမြို့ဟောင်းမှာက လမ်းတွေ ပျက်စီးနေတာ ဟိုအရင်ကတည်းကပါ။ မန္တလေးဇုန်ကို လည်ပတ်မယ်ဆို အရင်က ငါးဒေါ်လာပဲ ကျပါတယ်။ အဲဒီ အချိန်ကတည်းက ကျွန်တော်တို့ ဒီပျက်စီးနေတဲ့ လမ်းတွေကို ယဉ်ကျေးမှုဇုန် ၀င်ကြေးထဲကနေ ပြုပြင်ပေးဖို့ သက်ဆိုင်ရာကို တင်ပြခဲ့ပေမယ့် ဘာမှမထူးခြားခဲ့ပါဘူး။ လက်ရှိအချိန်မှာ နိုင်ငံခြားသား ခရီးသွားတွေက အရင်ကထက် ပိုပြီးတော့ လာရောက်နေကြပါပြီ။ ဒါကြောင့် ပျက်စီးနေတဲ့ လမ်းတွေကို သေသေချာချာနဲ့ အမြန်ဆုံး လုပ်ပေးစေချင်ပါတယ်။ နိုင်ငံခြားသားတွေ အင်းဝကို သွားလည်ရင် လမ်းတွေကဆိုးတော့ ဝေဖန်သွားတာတွေ ရှိပါတယ်" ဟု မန္တလေးမြို့မှ ခရီးသွား ဧည့်လမ်းညွှန်တစ်ဦးက ပြောကြားခဲ့သည်။

အင်းဝရှေးဟောင်း ယဉ်ကျေးမှုဇုန်တွင် နိုင်ငံခြားသား ခရီးသွားများ စိတ်ဝင်တစား လေ့လာကြသည့် နေရာများမှာ ဗားကရာကျောင်းတော်ကြီး၊ နန်းမြို့အတွင်းရှိ အဆောက်အဦများနှင့် နန်းမြင့်မျှော်စင်၊ မယ်နုအုတ်ကျောင်းနှင့် အခြားရှေးဟောင်း စေတီပုထိုးများသို့ သွားရောက်လည်ပတ်မှုများ ရှိနေသည်။

အင်းဝမြို့ဟောင်းရှိ ဆိုးရွားစွာ ပျက်စီးနေသည့် လမ်းများမှာ ဗားကရာ ကျောင်းတော်သို့ သွားရာလမ်းနှင့် နန်းမြို့ဟောင်း အတွင်းမှလမ်းများ ပျက်စီးနေသည်မှာ နှစ်ကာလ ကြာမြင့်နေပြီ ဖြစ်သောကြောင့် အမြန်ဆုံးပြုပြင်ပေးရန် လိုအပ်နေကြောင်း ဒေသခံများက ဆိုကြသည်။

"လမ်းတွေက ပျက်စီးနေတာ ကြာပါပြီ။ ဗားကရာကျောင်းကို သွားတဲ့လမ်းဆိုရင် မြင်းလှည်းနှစ်စီး ရှောင်တိမ်းမယ်ဆို အခက်အခဲ ရှိတယ်။ လမ်းတွေက ပျက်စီးနေတာဆိုတော့ နိုင်ငံခြားသား ခရီးသွားတွေအတွက် ထိခိုက်မှု ဖြစ်သွားမှာကိုတာ့ စိုးရိမ်မိတယ်။ လမ်းတွေက မကောင်းတော့ သွားလာနေတဲ့ ယာဉ်တွေပါ ထိခိုက်မှုတွေ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် အမြန်ဆုံး ပြုပြင်ပေးမယ်ဆိုရင်တော့ ၀မ်းသာစရာပါ" ဟု အင်းဝမြို့ဟောင်းမှ မြင်းလှည်းမောင်းသူ တစ်ဦးက ပြောကြားသည်။

အင်းဝနန်းတော်ဟောင်း အတွင်းရှိ ပျက်စီးနေသည့် လမ်းမများပေါ်တွင် မြင်းလှည်းများဖြင့် သွားလာလည်ပတ်နေကြသည့် နိုင်ငံခြားသား ခရီးသွားများ

အေးချမ်းမွန် Credit To >Eleven Media Grouphttps://www.facebook.com/excellencemedia

Post a Comment

 
Top