0


Thursday, November 7, 2013

ရန်ကုန်မြို့ အလုံကရင်ခြံ ရပ်ကွက် မော်တော်ကားစက်ပြင် အလုပ်ရုံအနီး စွန့်ပစ်ခံထားရသည့် လေဖြတ်အဘိုးအိုတစ်ဦးကို ရန်ကုန် ပြည်သူ့ဆေးရုံကြီးမှ လိုအပ်သော ဆေးဝါးကုသမှုပြုပြီး နိုဝင်ဘာ ၁ ရက်က ဒဂုံမြို့သစ်(အရှေ့ပိုင်း) (၁၂) ရပ်ကွက် မဟောသဓလမ်းရှိ ``ဆည်းဆာရိပ်´´ ဂိလာနဘိုးဘွားရိပ်သာသို့ လွှဲပြောင်း ပို့အပ်လိုက်သည့်ဖြစ်စဉ် တစ်ခု တွေ့မြင်သိရှိရသည်။

ဖြစ်စဉ်မှာ အောက်တိုဘာ ၁၄ ရက် ည ၇ နာရီခွဲခန့်က အလုံကရင် ခြံရပ်ကွက်အတွင်းရှိ ကားဝပ်ရှော့ တစ်ခုအနီး မြေပြင်ပေါ်တွင် အသက် (၆၅) နှစ်ခန့်အရွယ် အဘိုးအိုတစ်ဦး လဲလျောင်းနေကြောင်း ပြည်သူတစ်ဦး ၏ သတင်းပို့ချက်အရ ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့က သွား ရောက်စစ်ဆေးခဲ့သည်ဆို၏။ အဘိုး အိုအမည်မှာ ဦးအေးတင် မော်လမြိုင် ကျွန်းတွင်နေထိုင်၍ အလုပ်သမား တွေက တင်ပို့ပေးလိုက်ကြောင်းကို စကားမပီမသ ဆွံ့အစွာ ပြောဆိုပြီး ယာဘက်ကိုယ်တစ်ခြမ်း လေဖြတ် ထားကာ မလှုပ်ရှားနိုင်ဖြစ်နေသည် ကို တွေ့ရှိရသည်ဆိုသည်။

အလုံမြို့ နယ် မြို့မရဲစခန်းသို့ ရပ်ကွက် အုပ်ချုပ်ရေးမှူး သတင်းပေးပို့ချက် အရ ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိကာ စေတနာရှင်တစ်ဦး၏ မော်တော် ယာဉ်အကူအညီဖြင့် ရန်ကုန် ပြည်သူ့ဆေးရုံကြီးသို့ အဆိုပါည တွင်ပင် သွားရောက် တင်ပို့လိုက် သည်။ ရန်ကုန်ပြည်သူ့ဆေးရုံကြီး တွင် ၁၇ ရက်ကြာ လိုအပ်သော ဆေးဝါးကုသမှုများ ပြုလုပ်ပြီး စွန့်ပစ် ခံထားရသော လေဖြတ်ရောဂါ ဝေဒနာရှင်အဘိုးအိုအတွက်ဆက်လက် ပြုစုစောင့်ရှောက်မှုပေးနိုင်ရန် ဆည်း ဆာရိပ် ဂိလာနဘိုးဘွားရိပ်သာသို့ ရန်ကုန်ပြည်သူ့ဆေးရုံကြီး ဆေးလူမှု ဆက်ဆံရေးအရာရှိ ဦးထွန်းလင်းက ဆက်သွယ်အကြောင်းကြားခဲ့သည်။ ဆည်းဆာရိပ် ဂိလာန ဘိုးဘွား ရိပ်သာအဖွဲ့ ဒုတိယဥက္ကဋ္ဌ ခေါ်ခင် မမ၊ အတွင်းရေးမှူး ဒေါ်သက်နွယ်၊ ဘဏ္ဍာရေးမှူး ဒေါ်ထွေးမြင့်တို့ အဖွဲ့က နိုဝင်ဘာ ၁ ရက်တွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ရောက် ရှိလာပြီး စွန့်ပစ်ခံလေဖြတ်အဘိုးအို ဦးအေးတင်အား ဆေးလူမှုဆက်ဆံရေး အရာရှိ ဦးထွန်းလင်းထံမှ လွှဲပြောင်း လက်ခံကာ ဆည်းဆာရိပ်သို့ ခေါ် ဆောင်သွားခဲ့သည်။

ဆည်းဆာရိပ် ဂိလာနဘိုးဘွား ရိပ်သာဒုတိယဥက္ကဋ္ဌ ဒေါ်ခင်မမအား တွေ့ဆုံမေးမြန်းရာ ``အသက် (၇၀)နဲ့ အထက် ကျန်းမာရေးချို့တဲ့နေတဲ့ ခိုကိုးရာမဲ့ ဘိုးဘွားတွေအတွက်သာ အဓိကထား ကန့်သတ်ထားပေမယ့် အခုလို ကိစ္စမျိုးတွေကျတော့ အသက် ကန့်သတ်ချက် မပြည့်မီပေမယ့် အလုပ်အမှုဆောင်အဖွဲ့နဲ့ ညှိနှိုင်းပြီး ဆောင်ရွက်ရပါတယ်။ ကျန်းမာရေး ချို့တဲ့ပြီး ခိုကိုးရာမဲ့တယ်ဆိုတဲ့ အဘိုး အဘွားကလည်း နှစ်မျိုးနှစ်စားရှိပါ တယ်။ တစ်မျိုးကတော့ ဆွေမျိုးသား ချင်းရှိပေမယ့်လည်း အကြောင်း အမျိုးမျိုးကြောင့် ပြုစုစောင့်ရှောက်မှု မပေးနိုင်တော့လို့ တကယ်ပဲ လာ ရောက် စွန့်ပစ်ခံထားရသူတွေဖြစ် ပါတယ်။ နောက်တစ်မျိုးကအဘိုး အဘွားတွေက စိတ်မတည်မငြိမ်ဖြစ် ပြီး အိမ်ကထွက်ခွာလာခဲ့ရာက မိသားစုနဲ့ ကင်းကွာပြီး စွန့်ပစ်ခံရတဲ့ ပုံစံနဲ့ ရောက်ရှိလာတဲ့ အဘိုးအဘွား တွေဖြစ်ပါတယ်။ သတင်းမီဒီယာ တွေကို ကျွန်မတို့ရိပ်သာအဖွဲ့က အများကြီး ကျေးဇူးတင်ပါတယ်လို့ ပြောပါရစေ၊ တလောက သတင်းစာ ထဲ ပါလာတဲ့ အဘိုးကို သူတို့ပျောက် နေတဲ့ အဘိုးဟုတ်မလားဆိုပြီး လာကြည့်တဲ့သူတွေလည်း ရှိပါ တယ်။ အဲဒါက မဟုတ်လို့ ပြန်သွား ပါတယ်။ ဒီလိုပဲ သတင်းစာထဲပါလာ လို့ လာကြည့်တော့ ပျောက်ဆုံးနေ တဲ့ သူတို့မိသားစုဝင် ဖြစ်နေလို့ ပြန်ခေါ်သွားတဲ့ ဖြစ်စဉ်တွေလည်း ရှိပါတယ်။ ဒါကြောင့် သတင်း မီဒီယာကို ကျေးဇူးတင်ကြောင်း ပြောတာပါ´´ ဟု ရှင်းပြပြောဆိုသွားခဲ့ သည်။

အောင်သန်း

အေးချမ်းမွန် Credit To >Myanmaalinnhttps://www.facebook.com/excellencemedia
http://ayechanmon-news1.blogspot.com/

Post a Comment

 
Top