0


နယူးဒေလီ၊ နိုဝင်ဘာ ၆

အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်၌ ၂၀၁၃ ခုနှစ် ဇူလိုင် ၇ ရက်နေ့တွင် ဖြစ်ပွားခဲ့သော ဗုဒ္ဓဂယာ ဗုံးပေါက်ကွဲမှု ဖြစ်စဉ်ကို ရမ်ချီဒေသမှ သိမ်းဆည်း ရမိသည့် မှတ်တမ်းများကို အခြေပြုပြီး အိန္ဒိယ စုံစမ်းထောက်လှမ်းရေး အေဂျင်စီက ဖော်ထုတ်လိုက်ကြောင်း Times of India သတင်းတွင် ဖော်ပြထားသည်။

ရမ်ချီမြို့ ဟင်ပီဒစ်အရပ်ရှိ တည်းခိုခန်းတစ်ခုမှ ဗုံး ၂၇ လုံးနှင့် မှတ်တမ်းများကို အိန္ဒိယစုံစမ်း ထောက်လှမ်းရေး အဖွဲ့ဝင်များက နိုဝင်ဘာလ ၄ ရက်နေ့တွင် သိမ်းဆည်း ရမိခဲ့ကြောင်း၊ ယင်းမှတ်တမ်းတွင် ဗုဒ္ဓဂယာရှိ မည်သည့် နေရာများတွင် ဗုံး ၁၃ လုံးကို တပ်ဆင်ထားရှိခဲ့သည်၊ မည်သူတို့က ဗုံးဖောက်ခွဲမှုကို စီစဉ်သည်တို့ကို ဖော်ပြထားကြောင်း ယင်းသတင်းတွင် ပါရှိသည်။

ဗုဒ္ဓဂယာ ဗုံးဖောက်ခွဲမှုကို အိန္ဒိယ မူဂျာဟစ်ဒင်တတ်ဆင်အတ်တာနှင့် ဟိုက်ဒါအလီတို့က လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပြီး အောက်တိုဘာ ၂၇ ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် ပတ်နာ ဗုံးပေါက်ကွဲမှုကို ပြုလုပ်ခဲ့သူများလည်း ပါဝင်ကြောင်း မှတ်တမ်းများတွင် ဖော်ပြထားသည်။

ပတ်နာ ဗုံးပေါက်ကွဲမှု ဖြစ်စဉ်အပြီး ဖမ်းဆီးခံထားရသော အင်တီယတ်အန်ဆာရီ၏ အမည်ကို မှတ်တမ်းများတွင် ဖော်ပြ ထားသော်လည်း အန်ဆာရီက ငြင်းဆန်ထားပြီး ဗုံးဖောက်ခွဲမှုကို အိန္ဒိယ မူဂျာဟစ်ဒင် စစ်ဆင်ရေးသမား တတ်ဆင်က လုပ်ဆောင်ခြင်း ဖြစ်ကြောင်း ဝန်ခံပြောကြားသည်ဟု အဆိုပါ သတင်းတွင် ဖော်ပြထားသည်။

သို့သော်လည်း ဗုဒ္ဓဂယာ ထိုင်းဘုန်းတော်ကြီးကျောင်း အနီးတွင် အင်တီယတ် အန်ဆာရီက ဗုံးထောင်ခဲ့ပြီး ၎င်း၏ အဖော်ဖြစ်သူ တာရစ်ကွီက တာဂါ ဘုန်းကြီးကျောင်း အနီးတွင် ဗုံးထောင်ခဲ့ကြောင်း မှတ်တမ်း စာရွက်များတွင် ဖော်ပြထားသည်။

တနင်္လာနေ့ (နိုဝင်ဘာလ ၄ ရက်နေ့) စီးနင်းမှုတွင် တည်းခိုခန်းအတွင်း ဖမ်းဆီးမိသည့် မူဂျစ်သည် ဗုဒ္ဓဂယာ၌ ဗုံးလေးလုံး ထောင်ခဲ့သူ ဖြစ်သည်။

အိန္ဒိယ မူဂျာဟစ်ဒင်များ၏ လှုပ်ရှားမှုကို အင်တီရတ်အန်ဆာရီက ဆက်လက် ဖုံးကွယ်ထားကြောင်း အိန္ဒိယ အဆင့်မြင့် ရဲအရာရှိတစ်ဦးက ပြောကြားသည်။

ယင်းကဲ့သို့ မှတ်တမ်းများ ရှာဖွေနိုင်လိုက်သဖြင့် ဗုဒ္ဓဂယာ ဗုံးပေါက်ကွဲမှု ဖြစ်စဉ်ကို ဖော်ထုတ်ရေး လွယ်ကူသွားပြီ ဖြစ်ပြီး သက်သေပစ္စည်းများနှင့် လွတ်မြောက်နေသော တရားခံများကို ဆက်လက် ရှာဖွေနေကြောင်း အိန္ဒိယအစိုးရက ပြောကြားသည်။

အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ် ဂါယာမြို့ရှိ မဟာဗောဓိ စေတီဝင်းတွင် ဇူလိုင် ၇ ရက်နေ့ နံနက်ပိုင်းက ဗုဒ္ဓမြတ်စွာဘုရား ပွင့်တော်မှုရာ မဟာဗောဓိ ညောင်ပင်နှင့် အခြားနေရာများတွင် ဗုံးကိုးလုံး ဆက်တိုက် ပေါက်ကွဲခဲ့ရာ မြန်မာသံဃာတော်တစ်ပါး အပါအဝင် လူပုဂ္ဂိုလ်ငါးဦး ဒဏ်ရာရရှိခဲ့သည်။

မဟာဗောဓိ စေတီဝင်းအတွင်း ဗုံးလေးလုံး ဆက်တိုက် ပေါက်ကွဲ ခဲ့ပြီး နောက်သုံးလုံးမှာ ဘုရားဆင်းတုတော် တစ်ခုအနီးနှင့် ဘတ်စ်ကား မှတ်တိုင်တစ်ခုတွင် ပေါက်ကွဲခဲ့ကာ မပေါက်ကွဲဘဲ ကျန်ခဲ့သည့် ဗုံးအချို့လည်း ရှိခဲ့သည်။

အေးချမ်းမွန် Credit To >The Voice Weekly https://www.facebook.com/excellencemedia

Post a Comment

 
Top