ရန်ကုန်၊ နိုဝင်ဘာ ၆
မြစ်ကြီးနားမြို့၌ KIO/KIA အပါအဝင် တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်များနှင့် အစိုးရအကြား နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးအတွက် ဆွေးနွေးနေသည့် နိုဝင်ဘာလ ၅ ရက်နေ့တွင် တပ်မတော်နှင့် တအောင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော်တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း တအောင်း တပ်မတော်၏ သတင်းနှင့် ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။
ကွတ်ခိုင်မြို့နယ် နမ့်ဖက်ကာအုပ်စု ဂျုံနန်းရွာအနီး တအောင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် တပ်ရင်း ၁၁၂ သို့ တပ်မတော် ခလရ ၁၂၃၊ ၄၅၊ ၁၄၃နှင့် ၁၄၅ ပူးပေါင်း တပ်ဖွဲ့များ (အင်အား ၃၀၀ ခန့်) မှ ထိုးစစ်ဆင်သဖြင့် တိုက်ပွဲဖြစ်ပွားရခြင်း ဖြစ်ကြောင်း အဆိုပါတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။
ယင်းကိစ္စနှင့် ပတ်သက်၍ တအောင်း (ပလောင်) အမျိုးသားပါတီ အထွေထွေ အတွင်းရေးမှူး မိုင်အုန်းခိုင်သို့ The Voice က ဆက်သွယ် မေးမြန်းရာ ပြည်နယ်လွှတ်တော် တက်နေသဖြင့် မသိရှိကြောင်း ပြန်လည် ဖြေကြားသည်။
တအောင်း အမျိုးသား လွတ်မြောက်ရေးတပ်ဦး အဖွဲ့ဝင်များနှင့် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းတို့ ဦးဆောင်သော မြန်မာငြိမ်းချမ်းရေးစင်တာ နည်းပညာ အထောက်အကူပြု အဖွဲ့တို့ အောက်တိုဘာ ၁၄ ရက်နေ့တွင် တရုတ်နိုင်ငံ ရွှေလီမြို့၌ အလွတ်သဘော တွေ့ဆုံဆွေးနွေး ခဲ့ကြသည်။
အေးချမ်းမွန် Credit To >The Voice Weekly
Post a Comment