0

မြန်မာ့ဆက်သွယ်ရေး နည်းဥပဒေကို ထုတ်ပြန်လိုက်ပြီဖြစ်ရာ ယခုနှစ်မကုန်မီ လိုင်စင်ရရှိရန် မျှော်မှန်းထားကြောင်း တယ်လီနော် မြန်မာကုမ္ပဏီ၏ စီအီးအို မစ္စတာပတ်တာဖားဘတ်က ပြောကြားခဲ့သည်။

"မြန်မာ့ဆက်သွယ်ရေး ဥပဒေရော၊ နည်းဥပဒေရော ထုတ်ပြန်လိုက်ပြီ ဖြစ်ပါတယ်။ နည်းဥပဒေက မြန်မာ့ဆက်သွယ်ရေး ၀က်ဘ်ဆိုက်မှာ နိုဝင်ဘာ ၅ ရက်က တင်လိုက်တာ ဖြစ်ပါတယ်။ အခုလိုင်စင်ရရှိဖို့ ဆွေးနွေးမှုတွေ ပြုလုပ်နေပါပြီ။ နိုဝင်ဘာ၊ ဒီဇင်ဘာဆိုရင် လိုင်စင်ရမယ်လို့ မျှော်မှန်းထားပါတယ်" ဟု ၎င်းက ဆိုသည်။

မြန်မာ့ဆက်သွယ်ရေး ဥပဒေ ထွက်ပေါ်ရန်မှာ လအနည်းငယ် နောက်ကျခဲ့ပြီး ဆက်သွယ်ရေး ဥပဒေထွက်ပေါ်အပြီး တစ်လခန့်အတွင်း နည်းဥပဒေများကို ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

"တယ်လီနော်က ၁၅ နှစ်ကြာ လုပ်ခွင့်ရမယ့် လိုင်စင်ဆိုတော့ ဒီလောက်စောင့်ရတာ အဆင်ပြေပါတယ်။ အစိုးရက အချိန်တိုအတွင်းမှာ ဥပဒေရော နည်းဥပဒေပါ ထုတ်ပြန်နိုင်အောင် ကောင်းကောင်း လုပ်နိုင်ခဲ့တယ် ထင်ပါတယ်" ဟု မစ္စတာ ပတ်တာဖားဘတ်က ဆိုသည်။

လက်ရှိအချိန်တွင် ၎င်းတို့အနေနှင့် ကွန်ရက်များ တည်ဆောက်ရန် သက်ဆိုင်ရာ ဆက်သွယ်ရေး ကုမ္ပဏီများနှင့် ဆွေးနွေးနေပြီး ၎င်းတို့၏ ဆင်းမ်ကတ်များ ဖြန့်ချိပေးမည့် ကုမ္ပဏီများကိုလည်း ဖိတ်ခေါ်ရန် လုပ်ဆောင်နေသည်ဟု ဆိုသည်။

" ကျွန်တော်တို့အတွက် အရေးအကြီးဆုံးဖြစ်တဲ့ ၀န်ထမ်း ခေါ်ယူမှုအတွက် ဒီနှစ်မကုန်မီ ၀န်ထမ်း ၁၅၀ လောက် ခန့်ထားဖို့ ဆက်လက် ခေါ်ယူနေပါတယ်။ နောက်တစ်လ၊ နှစ်လအတွင်းမှာ မြန်မာပြည်တွင်း နေထိုင်သူတွေကို အဓိကထားပြီး အလုပ်ခေါ်ယူမှုကြီး လုပ်သွားဖို့ရှိပါတယ်" ဟု မစ္စတာ ပတ်တာဖားဘတ်က ဆက်လက် ပြောကြားသည်။

မြန်မာနိုင်ငံတွင် ဆက်သွယ်ရေး လုပ်ငန်း လုပ်ကိုင်ခွင့် ရရှိထားသည့် တယ်လီနော် ကုမ္ပဏီနှင့် အော်ရီဒူး ကုမ္ပဏီတို့က လိုင်စင်ရရှိအပြီး ရှစ်လတွင် ၎င်းတို့၏ ဆင်းမ်ကတ်များ စတင် ရောင်းချသွားမည်ဟု ပြောကြားထားသည်။

"ဒီနှစ်မကုန်မီ လိုင်စင်ရရင် နောက်နှစ်လယ်လောက်ဆို ကျွန်တော်တို့ ဆင်းမ်ကတ်တွေ စတင် ရရှိနိုင်ပါပြီ။ ပထမအဆင့် ၀န်ဆောင်မှုမှာတော့ အလွန်တည်ငြိမ်တဲ့ အသံလိုင်းနဲ့ ဖုန်းခေါ်ဆိုရရှိနိုင်ဖို့၊ တည်ငြိမ်တဲ့ နှုန်းနဲ့ ဒေတာရရှိဖို့စတဲ့ အခြေခံအချက်တွေကို အကောင်းဆုံးဖြစ်အောင် လုပ်သွားမှာပါ" ဟု တယ်လီနော် မြန်မာ၏ စီအီးအိုက ဆိုသည်။

မြန်မာနိုင်ငံသားများ အနေနှင့် ပြည်ပဆက်သွယ်ရေး ကုမ္ပဏီကြီးများတွင် အလုပ်လုပ်ကိုင်ရန် စိတ်ဝင်စားမှု မြင့်မားနေသလို ၎င်းတို့၏ ၀န်ဆောင်မှုများကိုလည်း စောင့်ဆိုင်းလျှက်ရှိသည်။

အေးချမ်းမွန် Credit To >Eleven Media Group https://www.facebook.com/excellencemedia

Post a Comment

 
Top