0


ရန်ကုန်၊ နိုဝင်ဘာ ၂၀

ကွန်မြူနစ်နိုင်ငံမှ ဒီမိုကရေစီ နိုင်ငံအဖြစ် အောင်အောင်မြင်မြင် ကူးပြောင်းနိုင်ခဲ့သည့် မွန်ဂိုလီးယား နိုင်ငံက မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများ အောင်မြင်ရန် ကူညီအားပေး သွားမည် ဖြစ်ကြောင်း မွန်ဂိုလီးယားနိုင်ငံ သမ္မတ မစ္စတာအယ်လ်ဘတ်ခ် ဒေါ့ဂ်ျဇတ်ခ်ဟီးလ်ယာဒ်က ပြောကြားသည်။

ရန်ကုန်တက္ကသိုလ်မှ ပါမောက္ခ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူ များကို နိုဝင်ဘာလ ၂၀ ရက်နေ့က ရန်ကုန် တက္ကသိုလ် ဘွဲ့နှင်းသဘင် ခန်းမ၌ မိန့်ခွန်း ပြောကြားရာတွင် သမ္မတ အယ်လ်ဘတ်ခ်က ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
“ကျွန်တော်တို့ နိုင်ငံကို ပြုပြင် ပြောင်းလဲစဉ်က မိတ်ဆွေ နိုင်ငံတွေ အများကြီး ကူညီခဲ့တယ်။ ခုကျွန်တော်တို့ အလှည့်ရောက်တော့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးတွေ အောင်မြင်ဖို့ အားပေး ကူညီသွားမှာပါ” ဟု မွန်ဂိုလီးယား သမ္မတက ဆိုသည်။

နှစ်ပေါင်း ခြောက်ဆယ်နီးပါး သံတမန် ဆက်ဆံရေး ရှိခဲ့သော်လည်း အဆက်အသွယ် နည်းပါးခဲ့သည့် နှစ်နိုင်ငံ ဆက်ဆံရေးကို ပိုမို တိုးမြှင့်သွားမည် ဖြစ်ပြီး စီးပွားရေး၊ ယဉ်ကျေးမှု အပါအဝင် ကဏ္ဍ အများအပြား၌ ပူးပေါင်း ဆောင်ရွက်မည် ဖြစ်ကြောင်း ၎င်းကထပ်လောင်း ပြောကြားသည်။

နိုဝင်ဘာလ ၁၈ ရက်နေ့က မြန်မာနိုင်ငံသို့ ရောက်ရှိလာသည့် မွန်ဂိုလီးယား သမ္မတက မြန်မာနိုင်ငံ သမ္မတ ဦးသိန်းစိန်၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တို့နှင့် နေပြည်တော်၌ သီးခြား စီတွေ့ဆုံခဲ့ပြီး မွန်ဂိုလီးယားနိုင်ငံ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များနှင့် အခြေခံဥပဒေ ပြင်ဆင်ရေး အပါအဝင် မြန်မာနိုင်ငံ၏ လက်ရှိ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်များကို ဆွေးနွေး ခဲ့ကြောင်း နိုင်ငံတော် သမ္မတရုံးနှင့် လွှတ်တော်ရုံးတို့မှ သိရသည်။

ထို့ပြင် မြန်မာနိုင်ငံမှ လွှတ်တော် ကိုယ်စားလှယ်များ မွန်ဂိုလီးယား လွှတ်တော်သို့ လာရောက် လေ့လာရန် သမ္မတ အယ်လ်ဘတ်ခ် ဒေါ့ဂ်ျဇတ်ခ်ဟီးလ်ယာဒ်က နိုဝင်ဘာလ ၁၉ ရက်နေ့တွင် ဖိတ်ကြားကြောင်း အမျိုးသား လွှတ်တော်ရုံးထံမှ သိရသည်။

မွန်ဂိုလီးယား နိုင်ငံသည် နှစ်ပေါင်း ၆၀ ကျော် ကွန်မြူနစ်စနစ်ကို ကျင့်သုံးခဲ့ပြီး ၁၉၉၀ ပြည့်နှစ်၌ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းများ စတင်ခဲ့ကာ ၁၉၉၂ ခုနှစ်တွင် အခြေခံဥပဒေသစ် တစ်ရပ် ပြဋ္ဌာန်းပြီး ဈေးကွက် စီးပွားရေးစနစ်ကို အောင်မြင်စွာ ကျင့်သုံးနိုင်ခဲ့သည်။

အေးချမ်းမွန် Credit To > The Voice Weekly https://www.facebook.com/excellencemedia

Post a Comment

 
Top