0


ရန်ကုန်၊ နိုဝင်ဘာ ၂၇

ဆယ်စုနှစ်ပေါင်းများစွာ အာဏာရှင်စနစ်ကို တော်လှန်ရင်း မြန်မာ့ဒီမိုကရေစီ အရေးအတွက် စွန့်လွှတ် အနစ်နာ ခံခဲ့သူများအတွက် ၂၀၁၅ ရွေးကောက်ပွဲ အပြီး နိုင်ငံတော် သမ္မတအဖြစ် တာဝန်ယူလိုခြင်း ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ထုတ်ဖော် ပြောကြားသည်။

သြစတြေးလျနိုင်ငံသို့ တစ်ပတ်ကြာ သွားရောက်နေသည့် ခရီးစဉ်အတွင်း နိုဝင်ဘာလ ၂၇ ရက်နေ့က ဆစ်ဒနီမြို့ Oepra House ခန်းမ၌ သြစတြေးလျရောက် မြန်မာမိသားစုများ အပါအဝင် ဆစ်ဒနီ တက္ကသိုလ်နှစ်ခုမှ ကျောင်းသား ကျောင်းသူများ၊ အစိုးရ တာဝန်ရှိသူများနှင့် တွေ့ဆုံစဉ် အမေးအဖြေကဏ္ဍ၌ ၎င်းကအထက်ပါအတိုင်း ပြောဆိုခြင်း ဖြစ်သည်။
“၂၀၁၅ ရွေးကောက်ပွဲ အပြီးမှာ သမ္မတတာဝန် ယူလိုတယ်ဆိုတာ ပါတီရဲ့ မူဝါဒတွေကို လက်တွေ့ကျကျ အကောင်အထည် ဖော်နိုင်ဖို့အပြင် ဒီမိုကရေစီ အရေးမှာ စွန့်လွှတ် အနစ်နာခံခဲ့သူတွေ အတွက်လည်း ဖြစ်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

သို့သော် သမ္မတအဖြစ် တာဝန်ယူနိုင်ရန် အခြေခံဥပဒေကို ဦးစွာ ပြင်ဆင်ရမည် ဖြစ်ကြောင်း၊ တစ်ဦးတစ်ယောက်အတွက် ရည်ရွယ် ရေးဆွဲထားသည့် ပုဒ်မများနှင့် အခြေခံဥပဒေ ပြင်ဆင်ရေး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၌ အဓိက အခွင့်အာဏာ ရှိနေခြင်း တို့ကြောင့် လက်ရှိ ဖွဲ့စည်းပုံမှာ ဒီမိုကရေစီ နည်းလမ်းများနှင့် မကိုက်ညီကြောင်း ၎င်းက ထပ်မံပြောဆိုသည်။

ထို့ပြင် ၂၀၁၅ ရွေးကောက်ပွဲများတွင် လွတ်လပ်စွာ မဲပေးခွင့်ရှိမည်ဟု ခန့်မှန်းထားသော်လည်း အခြေခံဥပဒေကို မပြင်နိုင်ပါက မျှတသည့် ရွေးကောက်ပွဲများ ဖြစ်လာမည် မဟုတ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ထောက်ပြသည်။

အဆိုပါ တွေ့ဆုံပွဲ၌ သြစတြေးလျနိုင်ငံ ဆစ်ဒနီ တက္ကသိုလ်နှင့် ဆစ်ဒနီ နည်းပညာ တက္ကသိုလ်တို့က ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ အသီးသီး ပေးအပ်ပြီး မြန်မာနိုင်ငံ၏ အပြောင်းအလဲတိုင်းတွင် မြန်မာပြည်သူများနှင့် ထပ်တူ ရှိနေမည် ဖြစ်ကြောင်း ယင်းတက္ကသိုလ်များ၏ တက္ကသိုလ် အဓိပတိများက ပြောကြားသည်။
“ယခုလိုကမ္ဘာက ဂုဏ်ပြုလေးစားတဲ့ ခေါင်းဆောင်ကြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာ လူမျိုးစုများကို တွေ့ရတာ အထူးဝမ်းမြောက် ဂုဏ်ယူပါတယ်။ ဆစ်ဒနီ တက္ကသိုလ်က မြန်မာပြည်၏ ပညာရေးနဲ့ သုတေသနတွေမှာ လေးနက်စွာ ပါဝင် လက်တွဲ ဆောင်ရွက်သွားပါမယ်” ဟု ဆစ်ဒနီတက္ကသိုလ် ဒုတိယ အဓိပတိက မြန်မာဘာသာစကားဖြင့် ပြောဆိုသည်။

နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူများ အနေနှင့် မြန်မာနိုင်ငံ၌ လာရောက် ရင်းနှီးမြှုပ်နှံပါက တာဝန်ယူမှု၊ တာဝန်ခံမှုရှိသော ရင်းနှီးမြှုပ်နှံမှု ဖြစ်ရန် အရေးကြီးပြီး ရင်းနှီးမြှုပ်နှံသည့် လုပ်ငန်းရှင်များ အကျိုးအမြတ် ရသလို မြန်မာပြည်သူများ အတွက်လည်း အကျိုးရှိရန် လိုကြောင်း ဒေါ်အောင်ဆန်းစုကြည်က ထပ်လောင်း ပြောကြားသည်။

သြစတြေးလျ နိုင်ငံတွင် ကျင်းပမည့် (၂၅) ကြိမ်မြောက် ကမ္ဘာ့ AIDS နေ့ အခမ်းအနားသို့ တက်ရောက်မည့် ဒေါ်အောင်ဆန်းစုကြည်သည် ခရီးစဉ်အတွင်း သြစတြေးလျ ဝန်ကြီးချုပ် အပါအဝင် လွှတ်တော် ကိုယ်စားလှယ်များနှင့် တွေ့ဆုံမည် ဖြစ်ပြီး တက္ကသိုလ်နှစ်ခုတွင် ဟောပြော ပို့ချမှုများ ပြုလုပ်သွားမည် ဖြစ်သည်။

အေးချမ်းမွန် Credit To >The Voice Weekly https://www.facebook.com/excellencemedia
2

Post a Comment

 
Top