0


ထင်လင်းအောင်| ကြာသပတေးနေ့၊ နိုဝင်ဘာလ ၂၈ ရက်၊ ၂၀၁၃ ခုနှစ်

ထိုင်းနိုင်ငံရှိ အစိုးရနှင့် အတိုက်အခံအဖွဲ့များအကြား ကြီးမားသည့် ဆန္ဒပြမှုအချို့ဖြစ်ပွားနေသော်လည်း မြ၀တီနယ်စပ်မှလမ်းကြောင်းမှတစ်ဆင့် ကုန်စည်စီးဆင်းမှုအနေအထားမှာမူ ပုံမှန်အတိုင်းပင်ရှိနေ သည်ဟု အဝေးပြေးကုန်စည်ပို့ဆောင်ရေးလုပ်ငန်းရှင်များအသင်းမှ ဘဏ္ဍာရေးမှူး ဦးဇော်ဝင်းနိုင်က နိုဝင်ဘာ ၂၇ရက်က ပြောသည်။

ထိုင်းနိုင်ငံ၏ ဆန္ဒပြမှုများမှာ၂၀၀၈ ခုနှစ်နောက်ပိုင်းမှစတင်ကာ တိုင်းပြည်ပြင်ပသို့ ထွက်ပြေးတိမ်း ရှောင်နေသော အစ်ကိုဖြစ်သူ သက်ဆင်အား အထောက်အကူဖြစ်စေရန်အတွက် ၀န်ကြီးချုပ်ယင်လပ်က လွှတ်တော်တွင် ဥပဒေမူကြမ်းတင်သည်ဟုဆိုကာ အောက်တိုဘာလကုန်ပိုင်းမှစတင်ခြင်းဖြစ်သည်။ နိုဝင်ဘာ ၂၇တွင် ၀န်ကြီးဌာနများအား သိမ်းရန်ကြိုးစားသည်အထိ ပိုမိုဆိုးရွားလာနေခြင်းအပေါ် မဇ္ဈိမ၏ မေးမြန်းမှုအား ပြန်လည်ဖြေကြားခြင်းဖြစ်သည်။

မြ၀တီနယ်စပ်လမ်းကြောင်းတာဝန်ခံလည်းဖြစ်သည့် ဦးဇော်ဝင်းနိုင်က“ထိုင်းမှာ ဆန္ဒပြမှုတွေဖြစ်နေတာရှိပေမယ့် မြ၀တီလမ်းကြောင်းက ကုန်စည်စီးဆင်းမှုကိုတော့ ထိခိုက်တာမရှိပါဘူး။ အ၀င်ကော အထွက်ပါ ပုံမှန်အတိုင်းရှိနေပါတယ်” ဟု ပြောသည်။

ပြည်တွင်းဈေးကွက်သည် လွန်ခဲ့သည့် ခြောက်လ၀န်းကျင်မှ စတင်ကာ အရောင်းအ၀ယ် နှေးကွေးလာ ခြင်းကြောင့် မြ၀တီနယ်စပ်လမ်းကြောင်းမှတစ်ဆင့် ကုန်စည်တင်သွင်းမှုများမှာလည်း အနည်းငယ်လျော့ ကျမှုရှိခဲ့သည်။ လက်ရှိအချိန်တွင်လည်း လွန်ခဲ့သည့် ခြောက်လ၀န်းကျင်က ကုန်စည်စီးဆင်းမှုများ အတိုင်းရှိနေခြင်းဖြစ်သည်။

လက်ရှိအချိန်တွင် မြ၀တီနယ်စပ်လမ်းကြောင်းမှ တစ်နေ့လျှင် သွင်းကုန်ကားစီးရေ ၄၀ ၀န်းကျင် ၀င် ရောက်နေလျက်ရှိပြီး ပို့ကုန်စီးရေမှာလည်း ၄၀ ၀န်းကျင်တင်ပို့နေခြင်းဖြစ်ပြီး လွန်ခဲ့သော ခြောက်လ ၀န်းကျင်ခန့်ကမူ တစ်နေ့လျှင် အစီး ၆၀ ခန့်ဝင်ရောက်မှုရှိသည်ဟု ယင်းကပြောသည်။

ပြည်တွင်းဈေးကွက်တွင်မူ မီးဖိုချောင်သုံးပစ္စည်းများမှအစနေ့စဉ်လူသုံးကုန်ပစ္စည်းအပါဝင် ကုန်ပစ္စည်း အများစုတွင် မြ၀တီနယ်စပ်လမ်းကြောင်းမှတစ်ဆင့်ဝင်ရောက်နေသော ထိုင်းနိုင်ငံမှ ထုတ်ကုန်များ ပါဝင်နေခြင်းဖြစ်ရာ အဆိုပါကုန်စည်စီးဆင်းမှုလမ်းကြောင်း ရပ်နားမှုဖြစ်ပေါ်ပါက ပြည်တွင်းဈေးကွက် အတွင်းကြီးမားသည့်ထိခိုက်မှုရှိနိုင်ကြောင်း ပြည်တွင်းကုန်မျိုးစုံရောင်းဝယ်ရေးလုပ်ငန်းရှင်များက ပြော သည်။

ကုန်စည်တင်သွင်းသူ လုပ်ငန်းရှင်တစ်ဦးဖြစ်သူ အဝေးပြေးကုန်စည်ပို့ဆောင်ရေးအသင်း အထွေထွေ အတွင်းရေးမှူး ဦးကိုကိုနိုင်က “ထိုင်းကုန်စည်အတော်များများက မြန်မာနိုင်ငံရဲ့ နေ့စဉ်အသုံးပြုတဲ့ ပစ္စည်းထဲပါနေတာပဲလေ။ တကယ်ကုန်စည်စီးဆင်းမှု ရပ်ရင်တော့ ဈေးကွက်အကျိုးသက်ရောက်မှု တော့ရှိမှာပဲ” ဟု ပြောသည်။

အေးချမ်းမွန် Credit To > Mizzima - News in Burmese https://www.facebook.com/excellencemedia

Post a Comment

 
Top