နိုဝင်ဘာလ ၁၉ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်
ဒုက္ခသည်များ၏ ပျောက်ဆုံးနေသော အဓိကအခွင့်အရေး
ကမ္ဘာတစ်ဝန်းလုံးတွင် ဒုက္ခသည် စခန်းပေါင်းများစွာ ပြန့်ကျဲနေသည်ကို ကြည့်ခြင်းအားဖြင့် ကမ္ဘာကြီး၌ ပဋိပက္ခများ မည်မျှများပြား နေသည်ကိုသိနိုင်သည်။ ယခုအခါ ဒုက္ခသည်ပေါင်း ၄၅ ဒသမ ၂ သန်းသည် ကမ္ဘာတစ်ဝန်းလုံးတွင် ပြန့်ကျဲလျက်ရှိပြီး နှစ်ပေါင်း ၂၀ နီးပါးအတွင်း စံချိန်တင် အမြင့်ဆုံး ဖြစ်နေသည်ဟု ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ ထုတ်ပြန်ချက်အရ သိရသည်။ ဒုက္ခသည်များအနက် ရာခိုင်နှုန်း ၈၀ သည် အမျိုးသမီးများနှင့် ကလေးများ ဖြစ်နေသည်ဟု ဆိုသည်။ ယင်းဒုက္ခသည်များ အနက် နိုင်ငံပေါင်း ၁၂၅ နိုင်ငံကျော်ရှိ ဒုက္ခသည်ပေါင်း ၃၄ သန်းအတွက် UNHCR က ကာကွယ်စောင့်ရှောက်မှုနှင့် အသက်ကယ် အထောက်အပံ့များ ပေးနေရသည်။ ဤအချက်အလက်များက ကမ္ဘာလုံးဆိုင်ရာ အချက်အလက်များ ဖြစ်သည်။
နှစ် (၆၀) ပြည်တွင်းစစ်ဖြင့် မငြိမ်းချမ်း နိုင်သေးသော မြန်မာနိုင်ငံတွင်လည်း ဒုက္ခသည်များ အရေးက ရင်လေးဖွယ်ရာပင်။ ကချင်ပြည်နယ် ဗန်းမော်ခရိုင် မန်စီမြို့နယ် အတွင်းရှိ မိုင်းခေါင်-မခေါယန်- မုန်ဒိန်ပါ-ကောင်ဂျာ-နန့်လင်းပါ ကျေးရွာတစ်ဝိုက်တွင် နိုဝင်ဘာ ၁၇ ရက်က တပ်မတော်နှင့် ကေအိုင်အေ တပ်များအကြား တိုက်ပွဲများ ဖြစ်ပွားနေသဖြင့် ဘာသာရေး တာဝန်ရှိသူများနှင့် ဒေသဆိုင်ရာ လူမှုကူညီရေး အဖွဲ့အချို့က ကြီးမှူးလျက် ဖွင့်လှစ်ပေးထားသည့် နန့်လင်းပါ ဒုက္ခသည်စခန်းမှ ဒုက္ခသည်များ စခန်းကို စွန့်ခွာထွက်ပြေး နေရကြောင်း သိရသည်။ နန်လင်းပါကျေးရွာ ဒုက္ခသည်စခန်းတွင် လာရောက်ခိုလှုံ နေသူများမှာ ည ၁၀ နာရီကျော်တွင် တိုက်ပွဲများ ဖြစ်တော့မည်ဆိုသည့် သတင်းကြောင့် နှစ်ရက်ခန့် လမ်းလျှောက်ရမည့် မန်စီကြီးသို့ ညတွင်းချင်း ထွက်ခွာနေကြောင်း တွေ့ရသည်။ နိုဝင်ဘာ ၁၇ ရက် နံနက်ပိုင်းတွင် သေနတ်သံများ၊ လက်နက်ကြီးသံများ ကြားရပြီး တပ်မတော်နှင့် ကေအိုင်အေ တပ်များကြား တိုက်ပွဲများ ဖြစ်ပွားနေကြောင်း သိရသည်။ ပြီးခဲ့သည့် အောက်တိုဘာ ၂၂ ရက်တွင် တိုက်ပွဲပြန်လည် ဖြစ်ပွားမှုကြောင့် ဗန်းမော်မြို့နယ်အတွင်း ဒုက္ခသည် ၂၀၀၀ ကျော် ရှိပြီဖြစ်သဖြင့် ယခုထပ်မံ၍ စစ်ပြေးလာသူများ တိုးလာမှုကြောင့် မန်စီမြို့နယ်နှင့် ဗန်းမော်မြို့နယ်တွင်း စစ်ပြေးဒုက္ခသည် ၄၀၀၀ ကျော် ရှိနေပြီ ဖြစ်ကြောင်း ကချင်နှစ်ခြင်း အသင်းတော် (KBC) ဘုရားကျောင်း၏ စာရင်းများအရ သိရသည်။
စစ်ပွဲကြောင့် ဆုံးရှုံးရသည့် တစ်ခုတည်းသော အဓိက အခွင့်အရေးမှာ လုံခြုံမှု အခွင့်အရေး ဖြစ်သည်။ တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးလာကြရသည့် ဒုက္ခသည်များ အနေနှင့် ၎င်းတို့ခိုဝင်ခဲ့သည့် ဒုက္ခသည် စခန်းများမှနေ၍ ထပ်မံထွက်ပြေး ခဲ့ရခြင်းဖြင့် ဘ၀သစ်၏ မျှော်လင့်ချက်များ ထပ်မံပျောက်ဆုံး ခဲ့ရပြန်သည်။ ငြိမ်းချမ်းရေးဟူသော ကြွေးကြော်သံဖြင့် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အပစ်အခတ် ရပ်စဲရေး ဆွေးနွေးနေကြချိန်တွင် ဒုက္ခသည်များ၏ လုံခြုံရေးကို တာဝန်ယူပေးမည့်သူက မရှိ။ ဒုက္ခသည်များ၏ စားဝတ်နေရေး အထောက်အပံ့များ မည်သူတို့ဆီမှရရန် မျှော်လင့်လျက် မည်သို့မည်ပုံ ရပ်တည်နေသည်ကိုပင် တွေးရခက်လှသည်။ အစိုးရ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းနှင့် ကုလသမဂ္ဂ... မည်သူများက ဒုက္ခသည်များအတွက် မည်သို့မည်ပုံ တာဝန်ယူကြမည် ဆိုသည်မျိုးကို ရောင်နီပျပျမျှ မမြင်ရသေး။
မည်သို့ပင် ဆိုစေကာမူ နိုင်ငံ၏ အမျိုးသား လုံခြုံရေးကို စောင့်ရှောက်မှုနှင့်အတူ အပြည်ပြည်ဆိုင်ရာ ဥပဒေကို လေးစားလိုက်နာပြီး ဒုက္ခသည်များ၏ လူ့အခွင့်အရေးကို ကာကွယ်ပေးရမည်သာ ဖြစ်သည်။ ထိုသို့ကာကွယ်ရန် အတွက် တာဝန်ရှိ၍ ၀တ္တရားကျေရုံ ဟန်ပြပုံစံမျိုး မဟုတ်ဘဲ အတွေ့အကြုံ၊ ရင့်ကျက်မှုနှင့် မေတ္တာတရားတို့ လိုအပ်နေပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။
အေးချမ်းမွန် Credit To >Eleven Media Grouphttps://www.facebook.com/excellencemedia

အေးချမ်းမွန် Credit To >Eleven Media Group

Post a Comment