0


ယခုရက်ပိုင်းအတွင်း တပ်မတော်နှင့် ကချင်လွတ်မြောက်ရေး တပ်မတော် (ကေအိုင်အေ) တပ်များအကြား စစ်ပွဲများကြောင့် ပိတ်မိနေသည့် ပြည်သူများအား တပ်မတော်နှင့် ညှိနှိုင်း၍ ကယ်ထုတ်ရန် ဆောင်ရွက်နေ သည်ဟု ရန်ကုန်မြို့သို့ ရောက်ရှိနေသည့် ကေအိုင်အေ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်က ဆိုသည်။

''မနေ့ကဖြစ်တဲ့ တိုက်ပွဲက ဘာကြောင့် ဖြစ်လဲလို့ ပြောရမယ်ဆိုရင် နှစ်နှစ်ကျော်ကြာတဲ့ တိုက်ပွဲက ဟိုးအစကနေ ပြန်ပြောရမလို ဖြစ်နေပါတယ်။ တိုက်ပွဲဖြစ်နေတာကတော့ မှန်ပါတယ်။ တချို့ဒုက္ခသည်တွေက ပိတ်မိနေတုန်းပါပဲ။ တချို့ဒုက္ခသည်တွေက ကျွန်တော်တို့ တပ်မဟာ ၃ နယ်မြေထဲကို ရောက်လာတယ်။ တချို့ကလည်း ဘယ်ဘက် ရောက်မှန်းမသိဘဲ ထွက်ပြေးနေတဲ့သူတွေ ရှိပါတယ်။ ကျွန်တော်တို့ ဘက်ကတော့ အစိုးရကိုရော၊ အန်ဂျီအိုတွေရော အခြေအနေတွေပြောပြီး အကူအညီပေးလျက် ရှိပါတယ်'' ဟု ဗိုလ်ချုပ်ဂွမ်မော်က နိုဝင်ဘာ ၁၈ ရက်က ရန်ကုန်မြို့တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။

ပိတ်မိနေသော ရွာသူရွာသားများအား တပ်မတော်နှင့် ညှိနှိုင်းပြီး ကယ်ထုတ်ရန် ကြိုးစားနေကြောင်း၊ ညှိနှိုင်းနေကြောင်းလည်း ဗိုလ်ချုပ်ဂွမ်မော်က ပြောကြားသည်။

''ဒီအခုရောက်လာတဲ့ IDP တွေကို စနစ်တကျ နေရာချထားတယ်။ ဟိုဘက် ပိတ်မိနေတဲ့ သူတွေကိုကျတော့ အခြားအန်ဂျီအိုတွေကို အသိပေးပြီး အကူအညီပေးဖို့အတွက် အကူအညီ တောင်းထားပါတယ်'' ဟု ဗိုလ်ချုပ်ဂွမ်မော်က ဖြေကြားသည်။

မန်စီမြို့နယ် အတွင်း၌ တပ်မတော်နှင့် ကေအိုင်အေတပ်တို့အကြား အောက်တိုဘာ လဆန်းက စတင်သော စစ်ပွဲများကြောင့် လူဦးရေ ၁၃၀၀၀ ခန့် မိမိတို့ ကျေးရွာများ စွန့်ပစ်ပြီး ထွက်ပြေးနေကြရကြောင်း ကချင်ငြိမ်းချမ်းရေး ကွန်ရက်မှ သိရသည်။

မန်စီမြို့နယ် ဟန်ထက်ကျေးရွာနှင့် စီခမ်းကြီးကျေးရွာ၊ ဗန်းမော်မြို့နယ် ဖန်ခါး ကုန်းကျေးရွာတို့တွင် စစ်ဘေးဒုက္ခသည် စခန်းအသစ် ဖွင့်လှစ်ကာ အကူအညီပေးနေ ရကြောင်း၊ နိုဝင်ဘာ ၁၆ ရက်နှင့် ၁၇ ရက်တွင် ဖြစ်ပွားသော စစ်ပွဲများကြောင့် ဒေသခံ ပြည်သူများ စစ်ပွဲအကြား ပိတ်မိနေမှုများရှိကြောင်း ကချင်ငြိမ်းချမ်းရေး ကွန်ရက်မှ သိရသည်။

အေးချမ်းမွန် Credit To >Eleven Media Group https://www.facebook.com/excellencemedia

Post a Comment

 
Top