အဆိုပါကိစ္စနှင့် ပတ်သက်၍ မေတ္တာဖောင်ဒေးရှင်းမှ ဦးခွန်ရှာနောင်က ''ကျွန်တော်တို့ အဖွဲ့အစည်း အနေနဲ့ကတော့ ၂၅ ရက်ကပဲ စည်ခန်းကြီး ကျေးရွာမှာ အစားအစာတွေ အပါအ၀င် အခြားအသုံးအဆောင် ပစ္စည်းတွေ သိန်း ၃၀ ဖိုး လှူခဲ့ပါတယ်။ ဒါတောင်အဲဒါ ၁၀ ရက်စာပဲ ရှိပါတယ်။ အဲဒီမှာ လိုအပ်ချက်တွေ အများကြီး ရှိနေပါသေးတယ်။ အထူးသဖြင့် နိုင်ငံတကာက စားနပ်ရိက္ခာနဲ့ ငွေကြေးဆိုင်ရာ အကူအညီတွေရရင် ပိုကောင်းမယ်လို့ ထင်တယ်။ နိုင်ငံတော်က လှူဒါန်းတာချပေးတာက နည်းနေသလို ကျွန်တော်တို့ ဒေသခံ အဖွဲ့အစည်းတွေကလည်း တတ်နိုင်သလောက်ပဲ လှူဒါန်းနိုင်ပါတယ်။ ဒါကြောင့် UN အဖွဲ့အစည်းတွေနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေကို အမြန်ဆုံး လာရောက်စေချင်ပါတယ်'' ဟု ပြောကြားသည်။
အဆိုပါ မန်စီမြို့နယ် စည်ခန်းကြီး ကျေးရွာတွင် ဒုက္ခသည် ၆၀၀ ခန့်ရှိ၍ မိုင်းအန္တရာယ် များကြောင့် ဒုက္ခသည်များ အနေဖြင့် အဆိုပါ ကျေးရွာအတွင်းတွင်ပင် နေထိုင်နေရကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
''အခုကတော့ အစာရေစာပိုပြီး လိုအပ်နေတယ်။ အရေးပေါ်နေဖို့ နေရာတွေလည်း လိုအပ်နေတယ်။ နောက်တစ်ခုက ဒေသခံလူမှု အဖွဲ့အစည်းတွေ အနေနဲ့ မန်ဝိန်းကြီးကျေးရွာ အပါအ၀င် နောက်ရွာတွေလည်း အကူအညီတွေ လိုအပ်နေသေးတယ်လို့ ကြားရတယ်။ အခုထိတော့ ဒီစည်ခန်းကြီး အထိတော့ လုပ်နေရတုန်းပဲ။ ဒါပေမဲ့ ကျွန်တော်တို့ လှူချင်ရင် လူဝင်မှုကြီးကြပ်ရေး ဌာနကို တင်ရတယ်။ နောက်သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းတွေကို စာတင်ရတယ်။ နောက်လည်း ဒီလမ်းတစ်လျှောက်မှာရှိတဲ့ တပ်စခန်းတွေကိုလည်း ခွင့်ပြုမိန့် တောင်းရတယ်။ အဲဒါတွေကြောင့် ကြာနေတာပါ။ အလွယ်တကူ လှူဒါန်းခွင့် ရမယ်ဆိုရင် ပိုကောင်းမယ်'' ဟု ဦးခွန်ရှာနောင်က ဆိုသည်။
မန်စီမြို့နယ်တွင်းရှိ ဒုက္ခသည်များအား မေတ္တာဖောင်ဒေးရှင်း အပါအ၀င် KMSS, KBC, BRIDGE ,KLTC စသည့် အဖွဲ့အစည်းများမှ ထောက်ပံ့မှုများ ပြုလုပ်ပေးလျက်ရှိပြီး လက်ရှိတွင် UN အပါအ၀င် အပြည်ပြည်ဆိုင်ရာမှ ကူညီထောက်ပံ့ ပေးနေသော်လည်း လိုအပ်ချက်၏ ရာခိုင်နှုန်း ၂၀ သာ ထောက်ပံ့ပေး နိုင်သေးကြောင်း သိရသည်။
လက်ရှိတွင် ဒုက္ခသည်များက အစိုးရထိန်းချုပ် နယ်မြေအတွင်းတွင် လူဦးရေ ၅၀၀၀၀ ၀န်းကျင်နှင့် ကချင်လွတ်မြောက်ရေး တပ်မတော်(ကေအိုင်အေ) ထိန်းချုပ်နယ်မြေ အတွင်းတွင် လူဦးရေ ၄၀၀၀၀ ကျော်အထိ ရှိနေပြီး လက်ရှိဖြစ်နေသော တိုက်ပွဲများကြောင့် ဒုက္ခသည်များ ထပ်မံတိုးမြင့်လျက် ရှိကြောင်း ကချင်ငြိမ်းချမ်းရေး ကွန်ရက်မှ သိရသည်။
အေးချမ်းမွန် Credit To >Eleven Media Group
Post a Comment