0
၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေကို ပြင်ဆင်ရန် လွှတ်တော်သို့ မည်သည့် အကြောင်းကြောင့်ဖြစ်စေ မည်သူမဆို တင်သွင်းလာပါက အနှစ်သာရများကို ကာကွယ်ရန် အတတ်နိုင်ဆုံး တိုက်ပွဲဝင်သွားမည်ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က နိုဝင်ဘာ ၂၇ ရက်က ပြောကြားသည်။

အမျိုးသား ဒီမိုကရေစီပါတီသစ် ရုံးချုပ်၌ ပြုလုပ်ခဲ့သည့် (၉၃)နှစ်မြောက် အမျိုးသားနေ့အပြီး သတင်းထောက်များက ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေတွင် ငွေဒဏ်မှလွဲ၍ အခြားမည်သည့် အရာကိုမျှ မပြင်သင့် ဟူသော ဦးသိန်းညွန့်၏ မိန့်ခွန်းဟောပြောမှုအပေါ် မေးမြန်းမှုကို ဦးသိန်းညွန့်က ယင်းကဲ့သို့ ထည့်သွင်း ဖြေကြားခဲ့ခြင်း ဖြစ်သည်။

၂၀၁၃ ခုနှစ် ဖေဖော်ဝါရီက မြန်မာနိုင်ငံ ခရီးစဉ်အတွင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် သောမတ်စ်အိုဟေး ကင်တားနားက ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေကို ပြင်ဆင်ရန်နှင့် တိုင်းရင်းသား ဖြစ်မှုနှင့် ကိုးကွယ်သည့် ဘာသာအပေါ် မူတည်ကာ နှိမ့်ချခွဲခြားမှု မရှိသည့် ဥပဒေအသစ် ပြင်ဆင်သင့်ကြောင်း လွှတ်တော်သို့ တိုက်တွန်းကြောင်း ပြောကြားခဲ့ သကဲ့သို့ ပြီးခဲ့သည့်ရက်ပိုင်း အတွင်းကလည်း ရိုဟင်ဂျာများကို နိုင်ငံသားပေးရန် ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မတီက မြန်မာအစိုးရကို တိုက်တွန်းခြင်းများ ပြုလုပ်ခဲ့သည်။

ယင်းအပေါ်တွင် ဦးသိန်းညွန့်က မည်သည့် အကြောင်းပြချက် ကြောင့်ဖြစ်စေ လွှတ်တော်သို့ တင်ပြသူများ ရှိလာပါက ခေတ်နှင့် မလျော်ညီတော့သည့် ငွေဒဏ်များမှလွဲ၍ အခြားအချက်များကို မပြင်ဆင်ရန် ကာကွယ်သွားမည်ဟု ပြောကြားခဲ့ခြင်း ဖြစ်သည်။

''၁၉၈၂ မြန်မာနိုင်ငံသား ဥပဒေဟာ ကနေ့အထိ တိုင်းပြည်ရဲ့ လုံခြုံရေး၊ တည်တံ့ရေး၊ ပြည်ထောင်စုကြီး နောင်ရေးအတွက် အရေးကြီးတဲ့ ဥပဒေဖြစ်တဲ့ အတွက် ဒီဥပဒေနဲ့ ပတ်သက်ပြီး အနှစ်သာရ ပြင်ဆင်တာ မှန်သမျှ၊ ပြဋ္ဌာန်းချက်မှန်သမျှကို အမျိုးသားရေး အကျိုးစီးပွားပေါ်မှာ အခြေခံပြီး ကျွန်တော် တိုက်ပွဲဝင်သွားမယ်'' ဟု ဦးသိန်းညွန့်က ပြောကြားသည်။

''ဒီဥပဒေကြီးက ပြည်ခိုင်ဖြိုးကပဲဖြစ်ဖြစ်၊ ကုလသမဂ္ဂရဲ့ တိုက်တွန်းချက်ကြောင့် တင်လာတဲ့ အင်အားစုပဲ ဖြစ်ဖြစ်ပေါ့။ ဘယ်သူပဲ ဖြစ်ဖြစ်ပေါ့။ ဒီဥပဒေရဲ့ သမိုင်းကို ခြေခြေမြစ်မြစ် မသိဘဲနဲ့ တင်လာရင် ဒီသမိုင်းကို ဖော်ပြပြီးတော့ လွှတ်တော်ထဲမှာ ကျွန်တော် ပြောရမှာပဲ'' ဟုလည်း ဦးသိန်းညွန့်က ပြောကြားသည်။

၂၀၁၂ ခုနှစ် နိုဝင်ဘာက ပြုလုပ်သော အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေကို ပြင်ဆင်ရန်အတွက် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကိုယ်စားလှယ် တစ်ဦးက အဆိုတင်သွင်းခဲ့ပြီး ကန့်ကွက်မဲများသောကြောင့် မှတ်တမ်းအဖြစ်သာ ထားရှိခဲ့သည်။

လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေသည် ခြောက်နှစ်ကျော် အချိန်ယူ၍ ကွင်းဆင်းရေးဆွဲ ခဲ့ခြင်းဖြစ်ပြီး ပြည်သူလူထုကို ချပြကာ ဆန္ဒခံယူပြီးမှသာ အတည်ပြုထားသော ဥပဒေတစ်ခု ဖြစ်ကြောင်း ယင်းအဆိုနှင့် ပတ်သက်၍ လွှတ်တော်၌ ပြောကြားသည်။

အေးချမ်းမွန် Credit To > Eleven Media Group https://www.facebook.com/excellencemedia

Post a Comment

 
Top