လက်ကျန်နိုင်ငံရေး အကျဉ်းသားများနှင့် ယခုအစိုးရ လက်ထက်ကျမှ ထောင်ဒဏ်ကျခံ ခဲ့ရသည့် နိုင်ငံရေး အကျဉ်းသားများ အပါအ၀င် နိုင်ငံရေးနှင့် ဆက်စပ်နေသည့် ပုဒ်မများဖြင့် တရားစွဲ ခံထားရဆဲ သူများကိုပါ ပြန်လွှတ်ပေးနိုင်ရန် ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်မူကြမ်း တစ်ရပ်ကို လာမည့်လက်ကျန် နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေး ကော်မတီ အစည်းအဝေးတွင် တင်ပြသွားမည်ဟု အဆိုပါ ကော်မတီဝင် တစ်ဦးဖြစ်သူ အမျိုးသား ဒီမိုကရေစီ ပါတီသစ်ဥက္ကဋ္ဌနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က ပြောကြားသည်။
နိုဝင်ဘာ ၂၇ ရက်က အမျိုးသား ဒီမိုကရေစီပါတီသစ် ရုံးချုပ်၌ ပြုလုပ်သည့် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားအပြီး မီဒီယာများ၏ မေးမြန်းမှုများကို ဖြေကြားရာတွင် သမ္မတဦးသိန်းစိန်က ပြောကြားထားသည့် ၂၀၁၃ မကုန်မီ နိုင်ငံရေး အကျဉ်းသား အားလုံးကို ပြန်လွှတ်ပေးမည်ဟု ဆိုသည့်အပေါ် နောက်ထပ်တရားစွဲဆို ခံထားရဆဲ သူများနှင့် ပတ်သက်သည့် မေးခွန်းကို ဖြေကြားရာ၌ ဦးသိန်းညွန့်က ယင်းကဲ့သို့ ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
အဆိုပါ တရားစွဲဆိုထားသည့် အမှုများကို ပြန်လည်ရုပ်သိမ်းနိုင်သည့် ဥပဒေပြဋ္ဌာန်းချက် မူကြမ်းကို နိုဝင်ဘာ ၂၆ ရက် ကတည်းက ရေးဆွဲပြီး ဖြစ်ကြောင်းနှင့် ဥပဒေကြောင်းဆိုင်ရာ ရှင်းလင်းပြစရာများ ရှိနေသည့်အတွက် ကိုယ်တိုင်တင်ပြရန် စီစဉ်ထားခြင်း ဖြစ်ကြောင်းနှင့် ဒီဇင်ဘာ ၇ ရက်တွင် ပြုလုပ်မည့် လက်ကျန်နိုင်ကျဉ်း စိစစ်ရေး ကော်မတီ အစည်းအဝေးတွင် တင်ပြသွားမည်ဟု ဦးသိန်းညွန့်က ပြောကြားသည်။
ဦးသိန်းညွန့်က ''နိုင်ငံတော် သမ္မတကြီးရဲ့ စေတနာကို အကောင်အထည် ဖော်ပေးတဲ့ အနေနဲ့ ကျွန်တော်တို့က လက်ကျန်မရှိအောင် လုပ်ရမယ်။ လက်ရှိအကျဉ်းသား ဖြစ်နေတဲ့သူကော၊ ထောင်ကျနေတဲ့ သူကောက ပြဿနာ မရှိဘူး။ အဲဒီလို နိုင်ငံရေးပြစ်မှုနဲ့ နွှယ်ပြီးတော့ တရားစွဲထားတဲ့ အမှုတွေ ရာနဲ့ချီပြီးတော့ ကျန်နေသေးတယ်လို့ သိရတယ်။ ပြီးခဲ့တဲ့ ကော်မတီ အစည်းအဝေးမှာ ဒီလိုလူတွေရဲ့ အမှုတွေကို ပြန်လည်ရုပ်သိမ်းနိုင်ဖို့ ဥပဒေကြောင်းဆိုင်ရာ ပြဋ္ဌာန်းချက်တစ်ရပ် လိုအပ်နေတယ်။ အဲဒါကတော့ အရင် န၀တ ခေတ်တုန်းက ၄/၈၉ ကို ထုတ်ပြန်ပြီးတော့ တရားစွဲထားတဲ့ အမှုတွေကို ရုပ်သိမ်းသလို အခုတရားစွဲထားတဲ့ နိုင်ငံရေး ပြစ်မှုတွေကိုလည်း ရုပ်သိမ်းပေးဖို့ ကျွန်တော်တင်ပြတဲ့ အခါမှာ အတွင်းရေးမှူးဖြစ်တဲ့ သမ္မတရုံး ဒုတိယ၀န်ကြီးကလည်း သဘောတူတယ်။ ကျန်တဲ့ကော်မတီဝင် တွေကလည်း သဘောတူတယ်'' ဟု ဆိုသည်။
လက်ကျန်နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေး ကော်မတီကို သမ္မတဦးသိန်းစိန် ကိုယ်တိုင်ဖွဲ့စည်း ပေးထားခြင်းဖြစ်ပြီး မြန်မာနိုင်ငံရှိ နိုင်ငံရေး အကျဉ်းသား အားလုံးကို ယခုနှစ် မကုန်မီ တစ်ဦးမျှ မကျန်အောင် လွှတ်ပေးမည်ဟု သမ္မတ ဦးသိန်းစိန်က ၂၀၁၃ ခုနှစ် ဇူလိုင်လအတွင်း ဗြိတိန်ခရီးစဉ်တွင် ပြောကြားထားသည်။ လက်ရှိသမ္မတ ဦးသိန်းစိန်အစိုးရ သက်တမ်းအတွင်း လယ်သမားများ၊ လယ်သမားရေး လှုပ်ရှားသူများ၊ လျှပ်စစ်မီးအရေး လှုပ်ရှားသူများ၊ ငြိမ်းချမ်းရေး လှုပ်ရှားသူများ၊ လူ့အခွင့်အရေး လှုပ်ရှားသူများအား တရားစွဲဆိုခြင်းနှင့် ဖမ်းဆီးထောင်ချခဲ့မှုများ ရှိခဲ့ကြောင်း သိရသည်။
အေးချမ်းမွန် Credit To > Eleven Media Group
Post a Comment