0


ရန်ကုန်၊ နိုဝင်ဘာ ၂၈

ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်၊ အပြင်ပဒံကျေးရွာရှိ လယ်မြေဧက ၃၀ အပေါ်တွင် ပိုင်ရှင် ခွင့်ပြုချက်မရဘဲ အိမ်ရာစီမံကိန်းအတွက် အဓမ္မ ခြံခတ်မှုများ ပြုလုပ်ခဲ့ကြောင်း လယ်ပိုင်ရှင် တစ်ဦးဖြစ်သူ ဦးအောင်ဖြိုးကိုက ပြောကြားသည်။

အဆိုပါ လယ်ယာမြေများကို လယ်သမားသုံးဦး ပိုင်ဆိုင်ခြင်းဖြစ်ကာ မေဖလားဝါး ထရေးဒင်းကုမ္ပဏီမှ လျော်ကြေး ပေးအပ်ခြင်း မရှိသေးဘဲ နိုဝင်ဘာလ ၁၉၊ ၂၁ နှင့် ၂၆ ရက်နေ့တို့တွင် လူအင်အား ၆၀ ခန့်ဖြင့် လာရောက် ခြံခတ်ခဲ့၍ လယ်သမားများနှင့် အချင်းများခဲ့ရသည်ဟု ၎င်းကပြောကြားသည်။
“ကျွန်တော်တို့ လယ်မြေတွေက လျော်ကြေး ပေးထားတာ မရှိသေးဘူး။ အရင်လျော်ကြေးပေး လက်မှတ်ထိုးတုန်းကလည်း ကျွန်တော်တို့ လယ်တွေနား မရောက်သေးတော့ လက်မှတ်မထိုးဘူး။ ဒါပေမဲ့ လက်မှတ်ထိုးတဲ့ အခါကျတော့ လက်သည်းကွင်းလေးနဲ့ စီမံကိန်း တစ်ခုလုံးဆိုပြီး ရေးထားတာ” ဟု ၎င်းကဆိုသည်။

ယင်း စီမံကိန်းပါ လယ်အချို့ကို ပြီးခဲ့သည့် ဇွန်လ ၂၀ ရက်နေ့က လျော်ကြေး ငွေပေးအပ်ခဲ့ရာ လျော်ကြေးငွေမှာ တစ်ဧကလျှင် ၃၆ သိန်းဖြင့် ပေးလျော်ခဲ့၍ လယ်ယာမြေများကို ကာလတန်ဖိုး အမှန် ပေးအပ်နိုင်စေရန်အတွက် လယ်မြေတန်ဖိုး စိစစ်သတ်မှတ်ပေးရန် တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ တင်ပြထားပြီး လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်း ခံရသူများကြောင့် ပြည်သူများ နစ်နာမှု မရှိစေရေး စုံစမ်းရေးအဖွဲ့ခွဲ (၁) က အငြင်းပွား ဖြေရှင်းဆဲ ကာလများတွင် ဆောက်လုပ် မှုကို ရပ်ဆိုင်း ထားရန် သက်ဆိုင်ရာ ကုမ္ပဏီသို့ စာပေးပို့ ခဲ့သော်လည်း ရပ်ဆိုင်းခြင်း မရှိကြောင်း ဦးအောင်ဖြိုးကိုက ပြောကြားသည်။
“ကျွန်တော်တို့က စာတင်ထားတယ် သင့်လျော်တဲ့ လျော်ကြေးရရင်တော့ တစ်မျိုးပေါ့” ၎င်းက ဆိုသည်။

ယင်းလယ်မြေများမှာ ၁၉၉၇ ခုနှစ်ကပင် အုတ်မြစ်ချ ခြံခတ်ထားခြင်း ဖြစ်ပြီး ယခုခြံခတ်ခြင်းမှာ အသစ်ပြန်လည် ခတ်ထားခြင်း ဖြစ်ကြောင်း မေဖလားဝါး ထရေးဒင်းကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

စီမံကိန်းမြေများကို မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနထံမှ ဝယ်ယူခဲ့ခြင်း ဖြစ်ပြီး ထိုက်သင့်သည့် လျော်ကြေးကို ပေးအပ် သွားမည် ဖြစ်ကြောင်း မေဖလားဝါး ထရေးဒင်းကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

အေးချမ်းမွန် Credit To >The Voice Weekly< Thankhttps://www.facebook.com/excellencemedia

Post a Comment

 
Top