0

Created on Tuesday, 26 November 2013 02:41

ငှက်ဖျားဆေး ယဉ်ပါးမှု ထိန်းချုပ်ရေး လုပ်ငန်းများတွင် စီးပွားရေး လုပ်ငန်းရှင်များဘက်မှ ပူးပေါင်းပါဝင် လုပ်ဆောင်ရန် ပထမဦးဆုံးအကြိမ် ဆွေးနွေးမှုများ ပြုလုပ်လျက်ရှိကြောင်း နိုဝင်ဘာ ၂၅ ရက်နှင့် ၂၆ ရက်များတွင် ရန်ကုန်မြို့ UMFCCI ၌ ကျင်းပနေသည့် ''Malaria Forum'' တွင် ပြောကြားချက်များအရ သိရသည်။

''ငှက်ဖျားတိုက်ဖျက်ရေး လုပ်ငန်းတွေမှာ စီးပွားရေး ကဏ္ဍကသူတွေ ပူးပေါင်းပါဝင်လာရင် သူတို့ကျွမ်းကျင်တဲ့ အပိုင်းနဲ့ ကိုယ်ကျွမ်းကျင်တဲ့အပိုင်း ပေါင်းပြီးလုပ်သွားလို့ရတယ်။ ငှက်ဖျားနဲ့ ပတ်သက်တဲ့ ရည်မှန်းချက်တွေ တူပေမယ့် လုပ်နည်းစဉ်တွေကတော့ မတူဘူး။ ပုဂ္ဂလိက ကဏ္ဍကလည်း ဘယ်လောက် ရင်းနှီးမြှုပ်နှံမှု လုပ်နိုင်မလဲ ဆိုတာ အရေးကြီးတယ်။ နိုင်ငံတကာက လာမယ့်ဘတ်ဂျက်တွေကို စောင့်နေတာမျိုးထက် ပြည်တွင်းမှာရှိတဲ့ ပုဂ္ဂလိကကဏ္ဍက သူတို့တတ်နိုင်သလောက် လုပ်ပေးမယ်ဆိုရင် အကျိုးရှိလာ နိုင်မှာပါ'' ဟု CAP Malaria မှ ဒေါက်တာစောလွင်က ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် စီးပွားရေး ရင်းနှီးမြှုပ်နှံမှု တိုးတက်လာခြင်း၊ ရွှေ့ပြောင်းလုပ်သား အင်အားများပြား လာခြင်းနှင့်အတူ နှစ်စဉ်လူဦးရေ ၄၀၉၀၀၀ ခန့်မှာ ငှက်ဖျားရောဂါနှင့် ရင်ဆိုင်နေရကြောင်း၊ Artemisinin ဆေးယဉ်ပါးမှု ပျံ့နှံ့လာပါက ကြီးမားသော အန္တရာယ် ဖြစ်ပေါ်လာနိုင်ခြေ ရှိကြောင်းနှင့် စီးပွားရေး လုပ်ငန်းရှင်များ အနေဖြင့် ငှက်ဖျားရောဂါအတွက် ရင်းနှီးမြှုပ်နှံခြင်းအားဖြင့် လူထုအခြေပြု လူတန်းစားများအတွက် နိုင်ငံတွင်း ငှက်ဖျားရောဂါ ထိန်းချုပ်ရေး လုပ်ငန်းများကို အောင်မြင်အောင် ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်းလည်း ယင်းအခမ်းအနားတွင် ဖြန့်ဝေခဲ့သည့် အချက်အလက်များအရ သိရသည်။

ကမ္ဘာပေါ်တွင် အာရှပစိဖိတ်ဒေသသည် ငှက်ဖျားရောဂါ၏ ဆိုးကျိုးများကို ဒုတိယ အများဆုံး ရင်ဆိုင်နေရသော ဒေသဖြစ်ပြီး ယင်းဒေသရှိ နိုင်ငံပေါင်း၂၀ သည် ခန့်မှန်းခြေ တစ်နှစ်လျှင် လူဦးရေ သန်း ၃၀ ရောဂါ ခံစားနေရပြီး ၄၂၀၀၀ ခန့် သေဆုံးလျက်ရှိကြောင်း သိရသည်။

ACTs ဆေးယဉ်ပါးမှုသည် ငှက်ဖျားတိုက်ဖျက်ရေး အတွက် တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် ခြိမ်းခြောက်လျက်ရှိသော အရေးပေါ် အခြေအနေ တစ်ခုဖြစ်ကြောင်း၊ Artemisinin ဆေးယဉ်ပါးမှုကို မြန်မာအပါအ၀င် ကမ္ဘောဒီးယား၊ ထိုင်း၊ လာအို၊ ဗီယက်နမ် နိုင်ငံများတွင် တွေ့ရှိနေရပြီး အိန္ဒိယနှင့် အောက်ပိုင်းဆာဟာရ အာဖရိကနိုင်ငံများသို့ ပျံ့နှံ့လာပါက ကြောက်မက်ဖွယ်ရာ အန္တရာယ်များနှင့် ကြုံတွေ့လာရနိုင်ကြောင်း သိရသည်။

နိုဝင်ဘာ ၂၅ရက်က UMFCCI ၌ ကျင်းပခဲ့သည့် Malaria Forum အခမ်းအနားအား တွေ့ရစဉ်

အေးချမ်းမွန် Credit To > Eleven Media Group

Post a Comment

 
Top