0


(ဆောင်းပါးရှင် - သစ်ထွဋ်)

စီမံခန့်ခွဲမှု အလွဲတွေ အပါအ၀င် အကြောင်းအမျိုးမျိုးကြောင့် ပွင့်လင်းမြင်သာမှု အားနည်းခဲ့တဲ့ နိုင်ငံတကာ စီးပွားရေး ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ စီမံကိန်းတွေဟာ ဒေသခံတွေရဲ့ အကျိုးစီးပွားနဲ့ ပတ်သက်ပြီး ဆောင်ရွက်ပေးမှုတွေအပေါ် ကြောင့်ကြမှုတွေ ရှိနေပြီး ဒီလိုကြောင့်ကြမှုတွေကြောင့်လည်း ပြည်တွင်းဒေသ အချို့မှာ လုပ်ငန်းဖော်ဆောင်နေတဲ့ နိုင်ငံတကာ စီးပွားရေး လုပ်ငန်းတွေကို ဒေသခံတွေက ကန့်ကွက်မှုတွေ ရှိနေတာ ဖြစ်ပါတယ်။

စီမံကိန်းများ၏ ဘေးထွက်ဆိုးကျိုး

လက်ရှိအစိုးရ လက်ထက်မှာ သဘာဝ ပတ်ဝန်းကျင်ကို ဆိုးရွားစွာ ထိခိုက်နေနိုင်လို့ ပြည်သူလူထုရဲ့ တညီတညွတ်တည်း ကန့်ကွက်ဝေဖန် ခဲ့ကြတဲ့ မြစ်ဆုံစီမံကိန်းကို ရပ်ဆိုင်းခဲ့ပြီးနောက် အများပြည်သူတွေကြားမှာ စီမံကိန်းများရဲ့ ဘေးထွက်ဆိုးကျိုးတွေကို သတိပြုလာ မိလာကြပါတယ်။ သို့ပေမဲ့လည်း နိုင်ငံတကာ စီးပွားရေး စီမံကိန်းတွေမှာ လုပ်ကိုင်ကြတဲ့ လုပ်ငန်းကုမ္ပဏီတွေရဲ့ လုပ်ဆောင်ချက်တွေဟာ နိုင်ငံတကာ စံနှုန်းတွေနဲ့ ဘယ်လောက်ကိုက်ညီမှု ရှိနေသလဲဆိုတာ ဆန်းစစ်နိုင်ဖို့ အမြဲစောင့်ကြည့်နေရန် လိုအပ်ပါတယ်။ စီမံကိန်းကြီးတွေရဲ့ ဖော်ဆောင်မှုတွေနဲ့ ပတ်သက်ပြီး အဓိက အကဲဖြတ်လေ့ ရှိတာကတော့ အကောင်အထည်ဖော်မယ့် လုပ်ငန်းနဲ့ ပတ်သက်ပြီး သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှုဆိုင်ရာ အကဲဖြတ် စိစစ်မှု EIA နဲ့ လူမှုဘ၀ ထိခိုက်မှုဆိုင်ရာ အကဲဖြတ် စိစစ်မှု SIA တွေကို ဘယ်လောက်စနစ်တကျ လုပ်ထားသလဲဆိုတဲ့ အချက်နဲ့ အကဲဖြတ်လေ့ ရှိပါတယ်။ ဒါအပြင် EIA နဲ့ SIA တွေက ဖော်ပြထားတဲ့ အချက်တွေကို ဘယ်လောက်လိုက်နာ ဆောင်ရွက်သလဲဆိုတဲ့ အပေါ်မှာလည်း စိစစ်အကဲဖြတ် နိုင်ပါတယ်။ လက်ရှိအနေအထားမှာတော့ စီမံကိန်း အချို့နဲ့ ပတ်သက်ပြီး အားနည်းချက်တွေ ရှိနေတယ်လို့ ဝေဖန်မှုတွေ ရှိနေဆဲ ဖြစ်သလို အခြားဘေးထွက် ဆိုးကျိုးတွေကိုလည်း ထည့်သွင်းတွက်ချက်ရမှာ ဖြစ်ပါတယ်။

တရုတ်ဓာတ်ငွေ့ ပိုက်လိုင်း ပေါက်ကွဲမှု သတင်း

မကြာမီက အေအက်ဖ်ပီ သတင်းဌာနက ဖော်ပြထားတဲ့ တရုတ်နိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ သတင်းတစ်ပုဒ်ကို ဖတ်လိုက်ရပြီး တစ်ဆက်တည်း လက်ရှိမြန်မာနိုင်ငံမှာ အကောင်အထည် ဖော်နေတဲ့ နိုင်ငံအရှေ့နဲ့ အနောက် သွယ်တန်းထားတဲ့ တရုတ်ရေနံနဲ့ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းကို မျက်စိထဲ ပြေးမြင်မိပါတယ်။ အဲဒီသတင်းက တရုတ်နိုင်ငံ အရှေ့ဘက် ရှန်တုန်ပြည်နယ် ချင်တောင်မြို့မှာ နိုဝင်ဘာ ၂၂ ရက်မှာ ဖြစ်ပွားခဲ့တဲ့ ဓာတ်ငွေ့ပိုက်လိုင်း ပေါက်ကွဲမှု ဖြစ်ပွားခဲ့တဲ့ သတင်းပါ။ သတင်းတွေမှာ ဖော်ပြထားချက်အရ နိုဝင်ဘာ၂၃ ရက်အထိ သေဆုံးသူ ၄၇ ဦးရှိခဲ့ပြီး ပေါက်ကွဲမှုကြောင့် ဒေသခံ ၁၈၀၀၀ ခန့်ကိုလည်းအရေးပေါ် ရွှေ့ပြောင်းခဲ့ရပြီး သေဆုံးသူ အရေအတွက် ထပ်တိုးနိုင်တယ်လို့ ပါရှိပါတယ်။ ပေါက်ကွဲမှု ဖြစ်ပွားရာနေရာ အနီးမှာ အဆိပ်ငွေ့တွေ ပျံ့နှံ့မှာကို စိုးရိမ်လို့ ဒေသခံတွေနဲ့ ကျောင်းသား၊ ကျောင်းသူတွေကို နှာခေါင်းစည်းတွေ ဝေငှပေးခဲ့ ရတယ်လို့ ဆိုပါတယ်။ အဲဒီ ဓာတ်ငွေ့ပိုက်လိုင်းကို တရုတ်နိုင်ငံပိုင် Sinopec ရေနံကုမ္ပဏီ ၀န်ထမ်းတွေက ပြုပြင်နေစဉ် ယိုစိမ့်မှု ဖြစ်ပွားကာ ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာဖြစ်ပြီး သတင်းဓာတ်ပုံတွေမှာလည်း ပေါက်ကွဲမှု ဖြစ်ပွားတဲ့နေရာ အနီးရှိ အဆောက်အအုံတွေ၊ ကားတွေ၊ လမ်းတွေ ဆိုးဆိုးရွားရွား ပျက်ဆီးခဲ့တဲ့ ဓာတ်ပုံတွေကို ဖော်ပြထားတာ တွေ့ခဲ့ရပါတယ်။

ဗျူဟာမြောက်ပိုက်လိုင်း၏ အစီအမံ

ဒီသတင်းကို ဖတ်မိတော့ ဓာတ်ငွေ့ပိုက်လိုင်း ပေါက်ကွဲတယ်ဆိုတာ အလွန်ပြင်းထန်တဲ့ ပေါက်ကွဲမှု ဖြစ်တယ်ဆိုတာ သတိပြုလိုက် မိပါတယ်။ လက်ရှိ တရုတ်နိုင်ငံက ရေနံသဘာဝဓာတ်ငွေ့ ကုမ္ပဏီတွေ သွယ်တန်းဖောက်လုပ်ထားတဲ့ မြန်မာ-တရုတ် ရေနံနဲ့ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းတွေမှာလည်း ပိုက်လိုင်းလုံခြုံမှု ရှိဖို့နဲ့ အခုလိုမျိုး မတော်တဆ ဖြစ်စဉ်တွေ မပေါ်ပေါက်စေဖို့ ဘယ်လိုအစီအမံတွေ ချထားလဲဆိုတာ သိချင်လာမိပါတယ်။ တကယ်တော့ အဲဒီ ပိုက်လိုင်းတွေဟာ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် မဒေးကျွန်းကနေ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီးနဲ့ ရှမ်းပြည်နယ်တွေက မြို့နယ် ၂၂ မြို့နယ်ကို ဖြတ်သန်းပြီး တရုတ်နိုင်ငံ ရွှေလီမြို့မှတစ်ဆင့် တရုတ်နိုင်ငံ အတွင်းကို ဆက်သွယ်ထားတဲ့ တရုတ်နိုင်ငံရဲ့ မဟာဗျူဟာမြောက် ပိုက်လိုင်းရှည်ကြီးတွေ ဖြစ်ပါတယ်။ ပိုက်လိုင်းကို ဆောက်လုပ်တဲ့ ကုမ္ပဏီ တွေကတော့ တရုတ်နိုင်ငံပိုင်ဖြစ်တဲ့ China National Petroleum Company (CNPC) ရာခိုင်နှုန်းလေးဆယ်ကျော် ပိုင်ဆိုင်ထားတဲ့ အရှေ့တောင်အာရှ ရေနံပိုက်လိုင်း ကုမ္ပဏီ လီမီတက်၊ အရှေ့တောင်အာရှ ဓာတ်ငွေ့ပိုက်လိုင်း ကုမ္ပဏီလီမီတက် (SEAGP/SEAOP) တို့ ဖြစ်ပါတယ်။

ဘေးအန္တရာယ် ကင်းဝေးစေရန်

သဘာဝဓာတ်ငွေ့ ပိုက်လိုင်းကို ပြီးခဲ့တဲ့ ဇူလိုင်လက စမ်းသပ်ပို့လွှတ်ခဲ့ပြီး လက်ရှိမှာ ပုံမှန်ပို့လွှတ်လျက် ရှိတယ်လို့ ပြည်တွင်း မီဒီယာတွေကို ပိုက်လိုင်းတည်ဆောက်တဲ့ ကုမ္ပဏီတွေက ပြောကြားထားခဲ့ပါတယ်။ အဲဒီပိုက်လိုင်းတွေနဲ့ ပတ်သက်ပြီး စောင့်ကြည့်လေ့လာနေတဲ့ အဖွဲ့အစည်း တစ်ခုဖြစ်တဲ့ တအောင်းကျောင်းသားများနှင့် လူငယ်များ အဖွဲ့က ရှမ်းပြည်နယ်တွင်းက ပိုက်လိုင်းတွေမှာ ဓာတ်ငွေ့ပို့လွှတ်စဉ် အသံမြည်တဲ့ ပေါက်ကွဲမှုတွေ ရှိခဲ့တယ်လို့ ပြောကြားမှုတွေ ရှိခဲ့သလို အခြားအဖွဲ့အစည်း တစ်ခုဖြစ်တဲ့ ရွှေသဘာဝဓာတ်ငွေ့ လှုပ်ရှားမှု အဖွဲ့က ထုတ်ပြန်တဲ့ ထုတ်ပြန်ချက် တစ်ခုမှာ ရှမ်းပြည်နယ်ရှိ ပိုက်လိုင်းများတွင် ပိုက်လိုင်းပေါ်မှ အပေါက်များကို ရာဘာစများဖြင့် ပြုပြင်ဖာထေးမှုတွေ ရှိနေတယ်လို့ ရေးသားမှုတွေ ရှိခဲ့တာကြောင့် ပိုက်လိုင်းများ မတော်တဆ ထိခိုက်မှု ဘေးအန္တရာယ်မှ ကင်းဝေးစေဖို့ လေ့လာဆန်းစစ်မှုတွေ အစီအမံတွေ ဘယ်လိုပြုလုပ် ထားသလဲဆိုတာ ရှင်းရှင်းလင်းလင်း ထုတ်ပြန်ပေးဖို့ လိုအပ်တယ်လို့ မြင်မိပါတယ်။

ထည့်တွက်ရမည့် ဒေသခံ အကျိုးစီးပွား

လက်ရှိမှာလည်း မြန်မာ-တရုတ် ရေနံနဲ့ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်းမှာ ပါဝင်တဲ့ ရေနံပိုက်လိုင်းဟာ ၉၆ ရာခိုင်နှုန်းကျော် ပြီးစီးနေပြီး မကြာမီ ရေနံတွေ ပို့လွှတ်နိုင်ဖို့ ရှိတာကြောင့် ပိုက်လိုင်းတည်ဆောက်တဲ့ ကုမ္ပဏီတွေ အနေနဲ့ ပိုက်လိုင်းလုံခြုံ စိတ်ချရမှုအတွက် စီမံဆောင်ရွက် ထားမှုတွေကို ပွင့်လင်းမြင်သာမှုရှိရှိ ထုတ်ပြန်ပေးဖို့ လိုသလို ပိုက်လိုင်းဖြတ်သန်းရာ ဒေသတစ်လျှောက်ရှိ ဒေသခံတွေကိုလည်း ပညာပေး ဆောင်ရွက်မှုတွေဟာလည်း ဒေသခံတွေအတွက် အကျိုးသက်ရောက်မှု ရှိစေမှာ ဖြစ်ပါတယ်။ ပိုက်လိုင်းများ လုံခြုံစိတ်ချဖို့ ဆိုရာမှာ လုံခြုံရေးအရ တင်းကျပ်တဲ့ အနေအထား ဆောင်ရွက်တာထက် ဒေသခံများရဲ့ ၀ိုင်းဝန်းအကူအညီ သတင်းပေးပို့မှုကဲ့သို့ အကူအညီတွေ ရရှိနိုင်ဖို့ဆိုရင် လုပ်ငန်းစဉ်တိုင်းမှာ ဒေသခံတွေရဲ့ အကျိုးစီးပွားကို ထည့်သွင်းစဉ်းစား ဆောင်ရွက်ပေးဖို့ လိုအပ်မှာ ဖြစ်ပါတယ်။

အထူးသဖြင့် နိုင်ငံတကာ စီးပွားရေး ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လုပ်ငန်းတွေရဲ့ စီးပွားရေး လုပ်ငန်းတွေ လုပ်ကိုင်ရာမှာ လိုက်နာလုပ်ကိုင်လေ့ ရှိကြတဲ့ လူမှုရေးအရ တာဝန်သိမှု ဖြစ်တဲ့ (Corporate Social Responsibility - CSR) ဆိုင်ရာတွေကို ပြည်တွင်းမှာ လာရောက်လုပ်ကိုင်နေတဲ့ နိုင်ငံတကာ စီးပွားရေး လုပ်ငန်းတွေ အနေနဲ့ တာဝန်သိသိ ဆောင်ရွက်ပေးဖို့ လိုအပ်မှာဖြစ်ပြီး လူမှုအဖွဲ့အစည်း တွေကလည်း ယင်းတို့ရဲ့ လုပ်ဆောင်ချက်တွေကို အမြဲစောင့်ကြည့် လေ့လာနေကြရမှာ ဖြစ်ပါတော့တယ်။

(တရုတ်နိုင်ငံ အရှေ့ဘက် ရှန်တုန်ပြည်နယ် ချင်တောင်မြို့တွင် နိုဝင်ဘာ ၂၂ ရက်က ဓာတ်ငွေ့ပိုက်လိုင်း ပေါက်ကွဲမှု ဖြစ်ပွားခဲ့စဉ် (Photo:AFP))

အေးချမ်းမွန် Credit To >Eleven Media Group < Thankhttps://www.facebook.com/excellencemedia

Post a Comment

 
Top