0


ရန်ကုန်၊ နိုဝင်ဘာ ၁၅

တပ်မတော် အစိုးရလက်ထက်က နိုင်ငံတော် ပုန်ကန်မှုဖြင့် ဖမ်းဆီးထားသော ဗိုလ်ချုပ်ကြီးဟောင်း နေဝင်း၏ မြေးနှစ်ဦး အပါအဝင် နိုင်ငံရေးပုဒ်မ အမျိုးမျိုးဖြင့် ဖမ်းဆီးထားသော အကျဉ်းသား ၆၉ ဦးကို နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က နိုဝင်ဘာလ ၁၅ ရက်နေ့တွင် နိုင်ငံ တည်ဆောက်ရေးတွင် တစ်ဖက် တစ်လမ်းမှ ပါဝင်နိုင်ရန် ရည်ရွယ်၍ လွတ်ငြိမ်း ချမ်းသာခွင့် ပြုလိုက်ကြောင်း နိုင်ငံတော် သမ္မတရုံးက သတင်းထုတ်ပြန်သည်။

အဆိုပါ နိုင်ငံရေး အကျဉ်းသားများမှာ အင်းစိန် အကျဉ်းထောင်မှ သုံးဦး၊ မန္တလေး အကျဉ်းထောင်မှ ၁၀ ဦး၊ မြင်းခြံ အကျဉ်းထောင်မှ သုံးဦး၊ သာယာဝတီ အကျဉ်းထောင်မှ နှစ်ဦး၊ တောင်ငူ အကျဉ်းထောင်မှ ခြောက်ဦး၊ ရွှေဘို အကျဉ်းထောင်မှ လေးဦး၊ မုံရွာ အကျဉ်းထောင်မှ နှစ်ဦး၊ ပုသိမ် အကျဉ်းထောင်မှ တစ်ဦး၊ သထုံ အကျဉ်းထောင်မှ တစ်ဦး၊ အင်္ဂပူ ရဲဘက်စခန်းမှတစ်ဦး၊ ဗန်းမော် အကျဉ်းထောင်မှ နှစ်ဦး၊ မြစ်ကြီးနား အကျဉ်းထောင်မှ ငါးဦး၊ သီပေါ အကျဉ်းထောင်မှ သုံးဦး၊ ကျိုင်းတုံ အကျဉ်းထောင်မှ တစ်ဦး၊ ကျောက်ဖြူ အကျဉ်းထောင်မှ ၁၀ ဦး၊ သံတွဲ အကျဉ်းထောင်မှ လေးဦး၊ ဘူးသီးတောင် အကျဉ်းထောင်မှ နှစ်ဦး၊ စစ်တွေ အကျဉ်းထောင်မှ ကိုးဦးတို့ ဖြစ်ကြောင်း ယင်း ထုတ်ပြန်ချက်အရ သိရှိရသည်။

နိုင်ငံတော် ပုန်ကန်မှုဖြင့် သေဒဏ် ကျခံနေရသော မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ ဥက္ကဋ္ဌဟောင်း ဦးနေဝင်း၏ မြေးနှစ်ဦး ဖြစ်သော ဦးကျော်နေဝင်းနှင့် ဦးအေးနေဝင်း တို့အပြင် ၎င်းတို့ အမှုတွဲအတွင်း ပါဝင်မှုဖြင့် ဖမ်းဆီးခံထားရသည့် ဘိုးတော် စကြာအောင်ပွင့်ခေါင်လည်း သာယာဝတီ အကျဉ်းထောင်မှ ပြန်လည် လွှတ်မြောက်လာကြောင်း နိုင်ငံရေး အကျဉ်းသား စိစစ်ရေး ကော်မတီထံမှ သိရှိရသည်။

အဆိုပါ နိုင်ငံရေး အကျဉ်းသားများတွင် ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခြင်း ဥပဒေပုဒ်မ ၁၈ ဖြင့် ဖမ်းဆီး ခံထားရသော ဒေါ်နော်အုန်းလှ အပါအဝင် အကျဉ်းသားအချို့ လွတ်ငြိမ်း ချမ်းသာခွင့် ပြုခဲ့ကြောင်း နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့မှ ဦးဘိုကြည်က ပြောကြားသည်။

ယင်းသို့ လွှတ်ပေးခဲ့သော်လည်း အကျဉ်းထောင် အသီးသီးတွင် နိုင်ငံရေး အကျဉ်းသား ၁၀၀ နီးပါး ကျန်ရှိနေသေးကြောင်း ၎င်းကရှင်းပြသည်။

အဆိုပါ ကျန်ရှိနေသေးသည့် အကျဉ်းသားများကို ၂၀၁၄ ခုနှစ် ဇန်နဝါရီလ မတိုင်မီ လွှတ်ပေးရန်အတွက် နိုင်ငံရေး အကျဉ်းသား စိစစ်ရေး ကော်မတီက ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံးက ကြေညာချက်တစ်ရပ် ထုတ်ပြန်ထားသည်။

ကွယ်လွန်သူ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ ဥက္ကဋ္ဌဟောင်း ဦးနေဝင်း၏သမီး၊ သမက်နှင့် မြေးများဖြစ်သော ဒေါ်စန္ဒာဝင်း၊ ဦးအေးဇော်ဝင်း၊ ဦးအေးနေဝင်း၊ ဦးကျော်နေဝင်းနှင့် ဦးဇွဲနေဝင်းတို့ကို တပ်မတော် အစိုးရက ၂၀၀၂ ခုနှစ် အတွင်းက နိုင်ငံတော် ပုန်ကန်မှုဖြင့် ဖမ်းဆီး ထိန်းသိမ်းခဲ့ခြင်း ဖြစ်သည်။

၂၀၀၂ ခုနှစ်တွင် ဒေါ်စန္ဒာဝင်းနှင့် ဦးနေဝင်းတို့ကို နေအိမ် အကျယ်ချုပ် ချမှတ်ခဲ့ပြီး ဦးအေးဇော်ဝင်း၊ ဦးဇွဲနေဝင်း၊ ဦးအေးနေဝင်း၊ ဦးကျော်နေဝင်းတို့ကို သေဒဏ် အပြစ်ပေးခဲ့သော်လည်း နောက်ပိုင်းတွင် ထောင်ဒဏ် တစ်သက်တစ်ကျွန်း ပြောင်းလဲ ချမှတ်ခဲ့သည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အစိုးရသစ် လက်ထက်တွင် နိုင်ငံတော် လွတ်ငြိမ်း ချမ်းသာခွင့်ဖြင့် အကျဉ်းသားများကို ၁၃ ကြိမ် လွှတ်ပေးခဲ့ပြီး နိုင်ငံရေး အကျဉ်းသား ၁၃၀၀ နီးပါး လွတ်မြောက်ခဲ့ကြောင်း နိုင်ငံရေး အကျဉ်းသား စိစစ်ရေး ကော်မတီထံမှ သိရှိရသည်။

အေးချမ်းမွန် Credit To > The Voice Weekly https://www.facebook.com/excellencemedia

Post a Comment

 
Top