ဥရောပသမဂ္ဂမှ ယူရို ၁၀ သန်း အကုန်အကျခံပြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များကို သင်ကြားပေးနေမှုတွင် လူစုလူဝေး ဖြစ်စဉ်များကို ဖြေရှင်းရာ၌ လူ့အခွင့်အရေး ဦးစားပေးသည့် ကိုင်တွယ်မှု နည်းလမ်းများအား အဓိကထားပြီး သင်ကြားပေးနေကြောင်း သင်တန်းတာဝန်ခံ ရဲမှူးကြီးထွန်းမင်းက နိုဝင်ဘာ ၁၄ ရက်က ပြောကြားသည်။
ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများ ဖြစ်သည့် ဂျာမနီ၊ အင်္ဂလန်၊ ဘယ်ဂျီယမ် နိုင်ငံတို့မှ တာဝန်ရှိ ရဲတပ်ဖွဲ့ဝင်များက နိုဝင်ဘာ ၅ ရက်မှ စတင်ပြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များကို ရန်ကုန်တိုင်း ဒေသကြီးရှိ အမှတ် (၈) ရဲတပ်ရင်းတွင် လက်တွေ့၊ စာတွေ့များဖြင့် သင်ကြားပေးနေကြောင်း သိရသည်။
အဆိုပါ သင်ကြားမှုတွင် လူစုလူဝေးအား စနစ်တကျ ထိန်းချုပ်သည့် လုပ်ငန်းစဉ်၊ လူထုပါဝင်သည့် ရဲလုပ်ငန်းစဉ် ကိစ္စနှင့် ရဲတပ်ဖွဲ့ဝင်များကို လူထုက ယုံကြည်ကိုးစားမှု တိုးပွားနိုင်သည့် ရဲတပ်ဖွဲ့ဆိုင်ရာ ဥပဒေများကို သင်ကြားပေးမည်ဖြစ်သည်။
''အခုဒီသင်တန်းကိုတော့ ရဲတပ်ဖွဲ့ဝင် ၂၀၀ ကျော် တက်ရောက် သင်ကြားနေတယ်။ သင်တန်းကာလက ၁၈ လ ဖြစ်ပါတယ်။ အခုသင်ကြား ပေးနေတဲ့ အပိုင်းကတော့ လူစုလူဝေး ထိန်းချုပ်မှုနဲ့ သက်ဆိုင်တဲ့ လုပ်ငန်းစဉ်တွေ ဖြစ်ပါတယ်။ အဲဒီလို လူစုလူဝေး ဖြစ်စဉ်တွေကို ကိုင်တွယ်ဖြေရှင်းတဲ့ အခါမှာ လူ့အခွင့်အရေးကို ဦးစားပေးပြီး ယဉ်ကျေးသိမ်မွေ့စွာပဲ ကိုင်တွယ်ဖြေရှင်းဖို့ကို အဓိက သင်ကြားပေးနေတယ်။ အေးချမ်းစွာ လူစုလူဝေး ပြုလုပ်နေတဲ့ ဖြစ်စဉ်တွေကို ရဲတပ်ဖွဲ့အနေနဲ့ မည်သည့်လက်နက်မှ မကိုင်ဆောင်ဘဲ ယဉ်ကျေးစွာ ပြောဆိုကိုင်တွယ် ဖြေရှင်းတဲ့ နည်းလမ်းတွေကို သင်ကြားပေးနေတယ်။ အဲဒီလို လူစုလူဝေး ဖြစ်နေတဲ့ အုပ်စုထဲမှာ အကြမ်းဖက်လိုတဲ့ ပုံစံမျိုးနဲ့ ပြုလုပ်နေတဲ့ လူတစ်ဦးနှစ်ဦး ပါလာတယ်ဆိုရင် အဲဒီလူတစ်ဦး နှစ်ဦးကိုပဲ ကိုင်တွယ်ဖြေရှင်းဖို့စတဲ့ အကြောင်းအရာတွေကို သင်ကြားပေးနေပါတယ်'' ဟု ရဲမှူးကြီးထွန်းမင်းက ပြောကြားသည်။
ရဲမှူးကြီးထွန်းမင်းက ''အခု ဥရောပသမဂ္ဂက သင်ကြားပေးနေတဲ့ နည်းလမ်းတွေကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေနဲ့ လက်ခံကျင့်သုံးမှာပါ။ မြန်မာနိုင်ငံကို ဒီမိုကရေစီ နည်းလမ်းနဲ့အညီ ပြောင်းလဲခဲ့တဲ့ နောက်ပိုင်းမှာ ရဲတပ်ဖွဲ့ကို ပြည်သူဗဟိုပြု စနစ်နဲ့ ဆောင်ရွက်နေတယ်'' ဟု ဆိုသည်။
(ဥရောပသမဂ္ဂမှ လူစုလူဝေးဖြစ်စဉ်နှင့် ပတ်သက်၍ ကိုင်တွယ်ဖြေရှင်းမှု နည်းလမ်းများအား သင်ကြား ပေးနေမှုကို နိုဝင်ဘာ ၁၄ ရက်က တွေ့ရစဉ်)
အေးချမ်းမွန် Credit To > Eleven Media Group
Post a Comment