Tuesday, 12 November 2013
ရန်ကုန် နိုဝင်ဘာ ၁၁
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား) က လူသွားစင်္ကြံနှင့် လမ်းနယ်နိမိတ်တို့တွင် ချထားသုံးစွဲလျက်ရှိသော ပုဂ္ဂလိက ကိုယ်ပိုင် မီးစက်များအား
ဖယ်ရှား ရှင်းလင်းပေးရန် သက်ဆိုင်သူများကို ယနေ့လိုက်လံ အသိပေးနှိုးဆော် ထားကြောင်း သတင်းရရှိသည်။ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီသည် မြို့တော်နေ ပြည်သူများ လျှပ်စစ် မီးသုံးစွဲမှု အဆင်ပြေစေရေး အတွက် လူသွားစင်္ကြံများ လမ်းနယ်နိမိတ်များ အတွင်းတွင် မီးစက်များ ချထားသုံးစွဲမှုအပေါ် နှစ်စဉ် ကြေးကောက်ခံ၍ ယာယီ ခွင့်ပြုထားခဲ့ကြောင်း သိရသည်။ လက်ရှိ အခြေအနေတွင် ရန်ကုန် မြို့တော်အတွင်း မော်တော်ယာဉ်များ တိုးတက် များပြားလာခြင်း ယာဉ်ကြော ပိတ်ဆို့မှုများ ဖြစ်ပေါ်လာခြင်းတို့ကြောင့် လူသွားစင်္ကြံနှင့် လမ်းနယ်နိမိတ်အတွင်း မီးစက်များ ထပ်မံ ချထားသုံးစွဲခွင့် မပြုသည့်အပြင် နှစ်စဉ်ကြေး ကောက်ခံခြင်းကိုလည်းယာယီ ရပ်ဆိုင်းထားခြင်း ဖြစ်ကြောင်း သိရသည်။
အများပြည်သူများ အသုံးပြုရန်အတွက် လမ်းတိုးချဲ့ခြင်း၊ ယာဉ်ရပ်နားရန် နေရာများ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်၍လူသွားစင်္ကြံနှင့် လမ်းဧရိယာအတွင်းရှိ ပုဂ္ဂလိက မီးစက်များ ဖယ်ရှား ရှင်းလင်းပေးရန် လိုအပ်လာပြီ ဖြစ်သောကြောင့် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်နိုင်စေရန် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာ ဌာန (လမ်းနှင့် တံတား) ကပုဂ္ဂလိက လုပ်ငန်းရှင် မီးစက်ပိုင်ရှင်များအား အသိပေး နှိုးဆော်ထားကြောင်း သတင်း ရရှိသည်။
အေးချမ်းမွန် Credit To >မြ၀တီ

Post a Comment