0


Created on Wednesday, 06 November 2013 01:08 

၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှင့် နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေကြမ်းတွင် ပညာရေးဝန်ကြီးဌာန အနေဖြင့် ပညာရေးအတွက် မဟုတ်ဘဲ အားကစားအတွက် အသုံးပြုရန် ထပ်မံတောင်းခံခဲ့ခြင်းအပေါ် ဒေါ်အောင်ဆန်းစုကြည်က ဝေဖန်ပြောကြားခဲ့ပြီး ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းကလည်း ထို့အတွက် များစွာရှက်မိသည်ဟု ပြောကြားသည်။

နိုဝင်ဘာ ၅ ရက်က နေပြည်တော် လွှတ်တော်ဝင်းရှိ ဇမ္ဗူသီရိ ခန်းမဆောင်တွင် ပြုလုပ်သည့် ပညာရေးမြှင့်တင်မှု ကော်မတီ အစည်းအဝေးတွင် ထိုသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်က ယင်းကဲ့သို့ တောင်းခံခြင်းမှာ အားကစားမြှင့်တင်ရန် အတွက်ဟုဆိုသော် အားကစား ၀န်ကြီးဌာနကသာ ကုန်ကျခံရမည်ဖြစ်ကြောင်း၊ ပညာရေး ၀န်ကြီးဌာနတွင် ငွေကြေးများစွာ လိုအပ်နေချိန်တွင် ထိုကဲ့သို့ရရှိသည့် ငွေများထဲမှ သုံးစွဲခြင်းမှာ မည်သူ့အတွက် ပြုလုပ်သနည်းဟု မေးခွန်းထုတ်ခဲ့ပြီး၊ ပညာရေးနှင့် မသက်ဆိုင်သည့် ဆောင်ရွက်ချက်များ (ဥပမာ လူကြီးတစ်ဦးအား ကျောင်းသားများ အလံဝှေ့ယမ်း ကြိုဆိုခြင်း) ကိုလည်း အထက်ညွှန်ကြားချက်ဖြင့် လုပ်ဆောင်စေခြင်းမှာ အာဏာရှင် စနစ်ဆန်သည့် ကိစ္စများဖြစ်ကြောင်း၊ ပညာရေးကို ဒီမိုကရေစီအတွက် ထူထောင်မည် ဆိုပါက ယခုကဲ့သို့ လုပ်ဆောင်မှုများကို ရပ်တန့်ရန် လိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဝေဖန်ပြောကြားသည်။

"ဒီလိုဟာတွေက ဒီမိုကရေစီ ယဉ်ကျေးမှု အတွက်လည်း မကောင်းဘူး။ ပညာရေး အတွက်လည်း မလိုအပ်တဲ့ ကုန်ကျမှုတွေ အင်မတန်မှ များပါတယ်။ ဒီလိုဟာတွေ သုံးမယ့်အစား တကယ်လိုအပ်တဲ့ နေရာတွေမှာ သုံးစေချင်ပါတယ်" ဟု ဒေါ်အောင်ဆန်းစုကြည်က ကော်မတီ အစည်းအဝေးတွင် ပြောကြားသည်။
ပညာရေးနှင့် မသက်ဆိုင်သည့် ဆောင်ရွက်ချက်များ (ဥပမာ လူကြီးတစ်ဦးအား ကျောင်းသားများ အလံဝှေ့ယမ်း ကြိုဆိုခြင်း) ကိုလည်း အထက်ညွှန်ကြားချက်ဖြင့် လုပ်ဆောင်စေခြင်းမှာ အာဏာရှင် စနစ်ဆန်သည့် ကိစ္စများဖြစ်ကြောင်း . . . . .

ထို့အပြင် ပညာရေး မြှင့်တင်ရန်အတွက် ပညာရေး ၀န်ကြီးဌာန အနေဖြင့် လွှတ်တော်နှင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက "ပညာရေး ဘတ်ဂျက်မှာ သုံးမယ့်ငွေဟာ ပညာရေးအတွက် မဟုတ်ဘဲ အခြားအတွက် ဖြစ်နေတာနဲ့ ပတ်သက်လို့ ပညာရေး ၀န်ကြီးဌာန တောင်းခံဖို့ တင်ပြတယ်။ ဟိုတစ်နေ့က ဆွေးနွေးတာ ကျွန်တော်ကြားတဲ့ အခါကျတော့ စိတ်မကောင်းလိုက်တာ။ ပညာရေး ၀န်ကြီးဌာနက ဘာကြောင့်ဒီလောက်တောင် သုံးလဲ။ ကျွန်တော်တအား ရှက်တာပဲ" ဟု ပညာရေး ၀န်ကြီးဌာနမှ ဖြည့်စွက်ရန်ပုံငွေ တောင်းခံရာတွင် ပညာရေးအတွက် မဟုတ်ဘဲ အခြားကိစ္စရပ်များ သုံးစွဲရန် ထည့်သွင်းတောင်းခံမှုအပေါ် ပြောကြားသည်။

ပညာရေးစနစ် နိမ့်ကျနေသေးသည်ဟု ပြောဆိုနေကြသော်လည်း ပညာရေး မြှင့်တင်ရန်အတွက် ၀ိုင်းဝန်းဆောင်ရွက်ရန် အားနည်းနေကြောင်းလည်း သူရဦးရွှေမန်းက ပြောကြားသည်။

ပညာရေး ၀န်ကြီးဌာန အနေဖြင့် နောက်ထပ်ဖြည့်စွက် ရန်ပုံငွေ တောင်းခံခဲ့ရာတွင် SEA Games ကျင်းပရာတွင် ပညာရေး ၀န်ကြီးဌာန အနေဖြင့် ကူညီဆောင်ရွက် ရမည့်အပိုင်းတွင် ကျောင်းသားကျောင်းသူ ဆရာဆရာမများ အသွားအပြန် အသုံးစရိတ်၊ ဓာတ်ဆီဖိုး အသုံးပြုရန်အတွက် လည်းကောင်း၊ နိုင်ငံခြား ဧည့်သည်များ လာရောက်ရာတွင် ကြိုဆိုရမည့် ကျောင်းသူကျောင်းသားများ အသွားအပြန် ဓာတ်ဆီဖိုးနှင့် အသုံးစရိတ်တို့ကို ထည့်သွင်းတောင်းခံခဲ့ကြောင်း သိရသည်။

အေးချမ်းမွန် Credit To >Eleven Media Group https://www.facebook.com/excellencemedia
http://ayechanmon-news1.blogspot.com/

Post a Comment

 
Top