ဘင်္ဂလားဒေ့ရှ် နိုင်ငံရေး မတည်ငြိမ်မှုကြောင့် မောင်တောနယ်စပ်မှ ပို့ကုန်တင်ပို့မှုအပိုင်းတွင် နှောင့်နှေးမှုများ ဖြစ်ပေါ်နေပြီး
နယ်စပ်ဖြတ်ကျော်သွားလာမှုများမှာ နည်းပါးနေကြောင်း သတင်းရရှိသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဆန္ဒပြမှုများ သုံးရက်ဆက်တိုက် ပြုလုပ်သွားမည်ဟု သတင်းရရှိပြီးနောက် နိုဝင်ဘာ ၄ ရက်မှစ၍ ပို့ကုန်တင်ပို့ရာတွင် တစ်ဖက်နိုင်ငံတွင် လမ်းပိတ်ဆို့ခြင်းများနှင့် ကြုံတွေ့နေရသဖြင့် ပို့ကုန် တင်ပို့ရာတွင် နှောင့်နှေးကြန့်ကြာမှုများနှင့် ကြုံတွေ့နေရခြင်းဖြစ်ကြောင်း ကုန်သည်များက ပြောကြားသည်။
မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေး စခန်းများအနေဖြင့် ပိတ်ထားခြင်း မရှိကြောင်း၊ ပုံမှန်တင်ပို့ကုန်များအား တင်ပို့လျက်ရှိကြောင်းနှင့် လက်ရှိတွင် တစ် ဖက်နိုင်ငံတွင် ဆူပူအုံကြွမှုများ ဖြစ်ပေါ်နေသည့်အတွက် နယ်စပ်ဖြတ်ကျော် သွားလာသူများ ယခင်ထက်နည်းပါးနေကြောင်း သိရသည်။
''ဘင်္ဂလားဒေ့ရှ်မှာ လမ်းတွေ ပိတ်လိုက် ဖွင့်လိုက်ဖြစ်နေလို့ ပို့ကုန်တင်ပို့မှုအပိုင်းမှာ တစ်ဖက်နိုင်ငံ ဆိပ်ကမ်းက အတင်အချတွေမှာ
နှောင့်နှေးမှုတွေတော့ တွေ့ရပါတယ်။ ဒါပေမဲ့ နယ်စပ်ကုန်သွယ်ရေးကို ပိတ်ထားရတာတော့ မရှိပါဘူး။ ပုံမှန်တင်ပို့နေကျဖြစ်တဲ့ ကြက်သွန်ရယ်၊ ကွမ်းသီးရယ် တင်ပို့နေပါတယ်။ နယ်စပ်ဖြတ်ကျော် သွားလာသူတွေသာ နည်းတာဖြစ်ပါတယ်'' ဟု မောင်တောနယ်စပ် ကုန်သည်များအသင်းဥက္ကဋ္ဌ ဦးအောင်မြင့်သိန်းက ပြောကြားသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဆန္ဒထုတ်ဖော်မှုများ မကြာခဏ ဖြစ်ပေါ်တတ်ပြီး ယင်းအချိန်များတွင် မြန်မာမှ ဈေးသည်များအနေဖြင့် ဆန္ဒပြသူများနှင့် တိုးတတ်ပြီး ခဲနှင့် အပေါက်ခံရပြီး ဒဏ်ရာရတတ်ကြောင်းနှင့် ကားလမ်း၊ရထားလမ်းများပါ ပိတ်ထားတတ်သောကြောင့် မြန်မာမှ တင်ပို့ကုန်များမှာလည်း
ဆိပ်ကမ်းဂိုဒေါင်များတွင်သာ သိုလှောင်ထားတတ်ကြောင်း သိရသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် လာမည့် ဒီဇင်ဘာလအတွင်း ကျင်းပမည့် ရွေးကောက်ပွဲ ကိစ္စရပ်များကြောင့် အာဏာရပါတီနှင့် အတိုက်အခံ ပါတီတို့အကြား ဆန္ဒပြမှုများမှာ အောက်တိုဘာလမှ စတင်ကာ နိုင်ငံတစ်ဝန်း
ဆန္ဒပြမှုများ ဖြစ်ပေါ်လျက်ရှိပြီး ကားလမ်း၊ ရထားလမ်းများ ပိတ်ထားရကြောင်း သိရသည်။
အေးချမ်းမွန် Credit To >Eleven Media Group
http://ayechanmon-news1.blogspot.com/
Post a Comment