0


မန္တလေးဆိပ်ကမ်းမှတစ်ဆင့် အထက်ပိုင်းမြို့များနှင့် အောက်ပိုင်းမြို့များသို့ ရေလမ်းအသုံးပြု၍ကုန်စည်သယ်ပို့မှုများရှိရာ မန္တလေးဆိပ်ကမ်းမှ တစ်နှစ်လျင် ကုန်တန်ချိန် ၈၀၀၀၀ကျော် ပို့ဆောင်ပေးလျက်ရှိပြီး အဆင့်မြင့်ဆိပ်ကမ်း တည်ဆောက်ပြီးပါက ကုန်တန်ချိန် နှစ်သိန်းကျော်အထိ တင်ပို့နိုင်မည်ဖြစ်ကြောင်း ဆိပ်ကမ်းတည်ဆောက်ရေး ကြိုတင်လေ့လာမှုများအရ သိရသည်။

ဆိပ်ကမ်း ရေကြောင်းပို့ဆောင်ရေး၌ လက်ရှိ ကုန်ပစ္စည်းတင်ပို့ရာတွင် ဆိပ်ကမ်းအထောက်အကူပြုပစ္စည်း အသုံးပြုမှု နည်းပါးပြီး လူဖြင့် လုပ်ဆောင်မှုများ ပြုလုပ်ခြင်းဖြစ်ရာ ကုန်စည်စီးဆင်းမှု ပိုမိုလွယ်ကူစေရန်အတွက် အဆင့်မြင့်ဆိပ်ကမ်း တည်ဆောက် ပြီးပါက အထောက်အကူပြုပစ္စည်းများ အသုံးပြု၍ ကွန်တိန်နာများအထိ သယ်ယူပို့ဆောင်နိုင်မည်ဖြစ်ကြောင်း သိရသည်။

''ရေကြောင်း ကုန်စည်ပို့ဆောင်ရေးမှာ ကုန်စည်ပို့ဆောင်မှုများပြီး လမ်းပန်းဆက်သွယ်ရေးအရ အချက်အချာကျတဲ့ နေရာတွေကို အဆင့်မြင့်ဆိပ်ကမ်းတွေ တည်ဆောက်သွားဖို့ ရှိပါတယ်။ မန္တလေးကလည်း မြန်မာနိုင်ငံအလယ်ပိုင်းမှာ တည်ရှိပြီး စီးပွားရေးအရ အချက်အချာကျတဲ့ မြို့ဖြစ်တာကြောင့် အဆင့်မြင့်ဆိပ်ကမ်း တည်ဆောက်သွားမှာဖြစ်ပြီး ဧရာဝတီမြစ်ပေါ်မှာ ကုန်စည်စီးဆင်းမှု အဓိကကျတဲ့ နေရာလေးခုမှာ အဆင့်မြင့်ဆိပ်ကမ်းတွေ တည်ဆောက်သွားမှာပါ''ဟု ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မန္တလေးတွင် အဆင့်မြင့်ဆိပ်ကမ်း တည်ဆောက်ရေးအတွက် လျာထားသည့် မြေနေရာ၌ သဘာဝပတ်ဝန်းကျင်နှင့် လူမှုပတ်ဝန်းကျင် ထိခိုက်မှုများအား ကြိုတင်လေ့လာ ဆောင်ရွက်လျက်ရှိပြီး ဆိပ်ကမ်းအား ဂျပန်နိုင်ငံ JICA အဖွဲ့ အကူအညီဖြင့် ၂၀၁၅ ခုနှစ်တွင် တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

ရေကြောင်းကုန်စည်ပို့ဆောင်ရေးတွင် ဧရာဝတီမြစ်နှင့်ချင်းတွင်းမြစ်တို့သည် အဓိက ကျသော ရေလမ်းကြောင်းများဖြစ်ပြီး ယင်းရေလမ်းကြောင်းနှစ်ခု၌ ဆိပ်ကမ်းကြီး၊ ဆိပ်ကမ်းငယ် စုစုပေါင်း ၄၀၀ ကျော်ရှိသည့်အနက် ကုန်စည်ပို့ဆောင်ရေးအတွက် အဓိကကျသော ဆိပ်ကမ်း ၁၆ ခုရှိကြောင်း သိရသည်။

မန္တလေးမှ ထွက်ခွာလာသော ကုန်တင်ရေယာဉ်တစ်စင်းကို တွေ့ရစဉ်

အေးချမ်းမွန် Credit To >Eleven Media Grouphttps://www.facebook.com/excellencemedia
http://ayechanmon-news1.blogspot.com/

Post a Comment

 
Top