Created on Sunday, 24 November 2013 22:30
မြိတ်နယ်စပ် ကုန်သွယ်ရေး စခန်းမှ ကုန်သွယ်မှု အနေအထားများ ကျဆင်းနေပြီး နိုဝင်ဘာလအတွက် ၃၃ ရာခိုင်နှုန်းကျော်သာ ဆောင်ရွက်ထားနိုင်သေးကြောင်း ကုန်သွယ်မှု မြှင့်တင်ရေး အစည်အဝေးမှ လာသော သတင်းတစ်ရပ်အရ သိရှိရသည်။
မြိတ်နယ်စပ် ကုန်သွယ်ရေး စခန်းမှ ကုန်သွယ်မှုများ ပြုလုပ်ရာတွင် ရေကြောင်းတစ်ခုတည်းဖြင့်သာ အားထားသွားလာ နေရပြီး ပင်လယ်ပြင်အတွင်း ရာသီဥတု အနေထားများ၊ ငါးရရှိမှု အနေထားများ၊ ကော့သောင်းမှ တိုက်ရိုက် ထိုင်းနိုင်ငံနှင့် ကုန်သွယ်မှု ပြုလုပ်သူ ပိုမိုများပြား လာခြင်းများကြောင့် ကုန်သွယ်မှု အနေထားများ လျော့နည်းလာခြင်းဖြစ်ကြောင်း သိရသည်။
"ပွင့်လင်းရာသီရောက်ရင် လျာထားချက်တွေက ပိုပြီးတိုးလာဖို့သာ ရှိပါတယ်။ ကျွန်တော်တို့ နယ်စပ်ကုန်သွယ်ရေး စခန်းမှ နိုဝင်ဘာ ၂၂ ရက်အထိ ဆောင်ရွက်ထားနိုင်တာက လျာထားချက်အောက် ၃၃ ဒသမ ၂၅ ရာခိုင်နှုန်းလောက်ပဲ ဆောင်ရွက်ထားနိုင် ပါသေးတယ်။ ကုန်သည်များ အနေဖြင့် လျာထားချက် ပြည့်မီဖို့ ပူးပေါင်းလုပ်ဆောင်ဖို့ လိုပါတယ်" ဟု မြိတ်နယ်စပ် ကုန်သွယ်ရေး စခန်းမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမင်းက ပြောကြားခဲ့သည်။
နိုဝင်ဘာလအတွက် ကုန်သွယ်မှု လျာထားချက်မှာ အမေရိကန်ဒေါ်လာ ၂၃ ဒသမ ၁၈ သန်း ဖြစ်သော်လည်း နိုဝင်ဘာ ၂၂ ရက်အထိ ဆောင်ရွက်ထားနိုင်မှုမှာ အမေရိကန်ဒေါ်လာ ၇ ဒသမ ၇၀၉ သန်းသာဖြစ်ရာ တစ်ပတ်အတွင်း လျာထားချက် တစ်ဝက်ပြည့်ရန်ပင် မလွယ်ကူသည့် အနေအထား ဖြစ်နေကြောင်း သိရသည်။ "ကျွန်တော်တို့ ဒေသမှာ ရာသီဥတု အနေအထားတွေကြောင့် ကုန်သွယ်မှု အနေအထား နှောင့်နှေးတာတွေ ဖြစ်နေတာတော့ ဟုတ်ပါတယ်။ သွင်းကုန်ပိုင်းတွေမှာ တင်သွင်းမှုအပိုင်း လျော့ကျနေတာ မရှိပါဘူး။ ဘယ်သူမှ ၁၀၀ ရာခိုင်နှုန်း လာရောက်ဆောင်ရွက်ထားတာ မရှိပါဘူး။ ကျွန်တော်ပြောတာ ကုန်သည်တွေ သဘောပေါက်ဖို့ လိုလိမ့်မယ်။ ကျွန်တော်တို့ဘက်က နားလည်မှု ပေးထားသလောက် ပူးပေါင်းပါဝင်မှု ဘယ်လောက်အားနည်းတယ်ဆိုတာ ဒီအစည်းအဝေးကို တက်ရောက်မှု အပေါ်မှာကြည့်ရင် သိနိုင်ပါတယ်" ဟု မြိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦးက ပြောကြားခဲ့သည်။ မြိတ်ခရိုင် ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းရုံးတွင် ပြုလုပ်သော ကုန်သွယ်မှု မြှင့်တင်ရေး အစည်းအဝေးတွင် ထည့်သွင်းပြောကြား သွားခဲ့ခြင်းဖြစ်ပြီး အဆိုပါ အစည်းအဝေးသို့ ညီနောင်အသင်း အဖွဲ့များမှ ကော်မတီများ တက်ရောက်မှု နည်းပါးခဲ့ကြောင်း သိရသည်။
မြိတ်ကျွန်းစု ရေပြင်အတွင်း တွေ့ရသော ငါးသယ်လှေများ
အေးချမ်းမွန် Credit To >Eleven Media Group

Post a Comment