0


Created on Sunday, 24 November 2013 18:27

လွှတ်တော်က မြို့နယ်ဖွံ့ဖြိုးရေး လုပ်ငန်းများအတွက် သုံးစွဲရန် ချပေးသည့် တစ်မြို့နယ်လျှင် ကျပ်သိန်း ၁၀၀၀ စီကို လက်ရှိဘဏ္ဍာရေးနှစ် သက်တမ်း ကျန်လေးလအတွင်း သုံးစွဲမှု မကုန်ပါက ပြန်လည်အပ်နှံ သွားရမည်ဟု ပြည်ထောင် စုလွှတ်တော်မှ ထုတ်ပြန်သည့် အမိန့်ကြော်ငြာစာတွင် ဖော်ပြထားသည်။

"အရအသုံး ခန့်မှန်းခြေ ငွေစာရင်း၏ လက်ရှိ ဘဏ္ဍာရေးနှစ်အတွက် ခွဲဝေချထားပေးသည့် ရန်ပုံငွေကို ဘဏ္ဍာရေးနှစ် ကျော်လွန်၍ ဆက်လက်သုံးစွဲခွင့် မရှိသဖြင့် လက်ရှိ ဘဏ္ဍာရေးနှစ်တွင် ပိုလျှံငွေကျန် ရှိပါက သတ်မှတ်ချိန်အတွင်း ပြန်လည်အပ်နှံရမည်" ဟု အဆိုပါ ကြော်ငြာစာတွင် ဖော်ပြထားသည်။

ဖွံ့ဖြိုးရေး ရန်ပုံငွေ ထိန်းသိမ်းခြင်းနှင့် သုံးစွဲခြင်းအတွက် ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းကိုယ်တိုင် ဥက္ကဋ္ဌအဖြစ် ပါဝင်ပြီး လွှတ်တော်ဥက္ကဋ္ဌများ၊ ဒုဥက္ကဋ္ဌများ၊ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ ဥက္ကဋ္ဌ၊ စီမံကိန်းများနှင့် ဘဏ္ဍာရေး ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းကော်မတီ ဥက္ကဋ္ဌ၊ လွှတ်တော်ရုံး ညွှန်ကြားရေးမှူးချုပ်များ ပါဝင်သည့် ကော်မတီ တစ်ရပ်ကို ပြည်ထောင်စုလွှတ်တော် နာယကက ဖွဲ့စည်းပေးသွားမည် ဖြစ်သည်။

အဆိုပါ ဖွံ့ဖြိုးရေးလုပ်ငန်း ကော်မတီ၏ လုပ်ငန်းတာဝန်များတွင် မြို့နယ်အရွယ်အစား သေးငယ်ပြီး မူလလျာထား သတ်မှတ်သော ရန်ပုံငွေကို အပြည့်အ၀ သုံးစွဲရန် အခြေအနေ မရှိပါက ယင်းမြို့နယ်များသို့ သင့်လျော်သည့် ဘဏ္ဍာရန်ပုံငွေကို စိစစ်ခွင့်ပြုခြင်းနှင့် အကြောင်းအမျိုးမျိုးကြောင့် မူလလျာထား သတ်မှတ်ထားသော ရန်ပုံငွေထက် ပိုမိုသုံးစွဲရန်ရှိသော မြို့နယ်များသို့ သင့်လျော်သည့် ဘဏ္ဍာရန်ပုံငွေကို စိစစ်၍ ထပ်မံခွင့်ပြုခြင်း စသည့်အချက်များလည်း ကော်မတီ လုပ်ငန်းများတွင် ပါဝင်သည်။

အဆိုပါ ကော်မတီ၏အောက်တွင် မြို့နယ်ဖွံ့ဖြိုးရေးလုပ်ငန်း အကောင်အထည်ဖော်ရေးအဖွဲ့ ရှိမည်ဖြစ်ပြီး အဆိုပါ အဖွဲ့ကို သက်ဆိုင်ရာ မြို့နယ်များမှ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များနှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များထဲမှ သုံးဦးက ဦးဆောင်ပါဝင်ရမည် ဖြစ်သည်။

မြို့နယ် ဖွံ့ဖြိုးရေးလုပ်ငန်း အကောင်အထည်ဖော်ရေး အဖွဲ့မှ ဦးဆောင်ပုဂ္ဂိုလ် သုံးဦး၏ အမည်နှင့် ဘဏ်တွင် ငွေစာရင်း ဖွင့်ထားမည်ဖြစ်ပြီး အဆိုပါအဖွဲ့ အနေဖြင့် ဆောင်ရွက်လိုသည့် ဖွံ့ဖြိုးရေး လုပ်ငန်းကို ကော်မတီသို့ တင်ပြရမည်ဖြစ်ကာ အဆိုပါ ကော်မတီ၏ ခွင့်ပြုချက်ကျမှသာ လုပ်ငန်းအကောင်အထည်ဖော်ခွင့် ရမည်ဖြစ်သည်။

ပြည်ထောင်စုလွှတ်တော် ပုံမှန်အစည်းအဝေးများ ပြုလုပ်နေသည်ကို တွေ့ရစဉ်

အေးချမ်းမွန် Credit To >Eleven Media Group

Post a Comment

 
Top