Created on Monday, 25 November 2013 01:18
မောင်တောမြို့ပေါ် မြို့မဈေးနှင့် မြို့ပြင်ရှိ မြို့သူကြီး (ဘင်္ဂါလီ)ကျေးရွာနှင့် သုံးမိုင်ဝေသာလီ ကျေးရွာအကြားရှိ ကားလမ်းဘေးမှ အဆောက်အအုံတစ်လုံး နာရီပိုင်းခြားပြီး မီးလောင်မှုနှစ်ခု နိုဝင်ဘာ ၂၃ ရက် ညနေပိုင်းက ဆက်တိုက်ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
ပထမဆုံး မီးလောင်မှုမှာ ည ၇ နာရီ ၁၀ မိနစ်တွင် မောင်တောမြို့ မြို့မစည်ပင်သာယာဈေးကြီး အတွင်းရှိ ဈေးအဆောင် 2B မှ ဆိုင်ခန်းနှစ်ခန်း မီးစတင် လောင်ကျွမ်းခဲ့ခြင်း ဖြစ်ကြောင်းနှင့် မိနစ် ၃၀ အတွင်း မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မောင်တောမြို့ မြို့မစည်ပင်သာယာဈေးကြီး လက်ဝဲဖက်၊ ကမ္ဘာ့ရတနာဘဏ် အရှေ့ဖက် ဈေးအဆောင်နံပါတ် 2B မှ ဆိုင်ခန်းအမှတ် 2B 11 အဘူဘော်ကော် အလှကုန်နှင့် ဖိနပ်ဆိုင်ခန်းမှ စတင်လောင်ကျွမ်း ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မီးလောင်ကျွမ်းမှုကြောင့် အခြားဈေးဆိုင်များသို့ မီးမကူးစက်စေရန် 2B ဈေးအဆောင်ရှိ ဆိုင်ခန်းများကို ဖြိုဖျက်လိုက်ရကြောင်း သိရသည်။
မီးလောင်ကျွမ်းမှုကြောင့် ဆုံးရှုံးမှု တန်ဖိုးမှာ ကျပ် ၁၀ သိန်းခန့်ဖြစ်ပြီး မီးလောင်ကျွမ်းမှုနှင့် ပတ်သက်၍ မောင်တောမြို့မ ရဲစခန်းမှ ပြစ်မှုအမှတ် (ပ)၁၃၄/၂၀၁၃၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၈၆ အရ အမှုဖွင့် အရေးယူထားကြောင်းနှင့် ခြင်ဆေးခွေထွန်းပြီး မငြိမ်းဘဲ ဈေးပိတ်သွားရာက စတင်လောင်ကျွမ်းခြင်းဖြစ်ကြောင်း သိရသည်။
ယင်းမီးလောင်မှု ဖြစ်ပွားပြီးနောက် မောင်တောမြို့နယ်အတွင်း ကောလာဟလ သတင်းများ ပျံ့နှံ့နေခဲ့ပြီးနောက် ည ၈ နာရီ အချိန်ခန့်တွင် မောင်တောမြို့ပြင် မြို့သူကြီး (ဘင်္ဂါလီ) ကျေးရွာနှင့် သုံးမိုင်ကျေးရွာ အကြားရှိ အသုံးမပြုတော့သည့် သက်ကယ်မိုး ဗလီဟောင်းတစ်လုံး မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည်။
အဆိုပါ မီးလောင်ကျွမ်းမှုကြောင့် ခန့်မှန်းတန်ဘိုး ကျပ် ၃၀၀၀၀ ကျပ်ခန့် ဆုံးရှုံးခဲ့ပြီး လူ၊ တိရိစ္ဆာန် သေကြေပျက်စီး ဆုံးရှုံးမှု မရှိကြောင်းနှင့် မီးလောင်ကျွမ်းရသည့် အကြောင်းရင်းအား ဆက်လက်စုံစမ်းလျက်ရှိကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ သတင်းထုတ်ပြန်ရေး ဆပ်ကော်မတီမှ သိရသည်။
မောင်တောဈေးတွင်းရှိ မီးလောင်ကျွမ်းခဲ့သည့် ဆိုင်ခန်းအား တွေ့ရစဉ်
အေးချမ်းမွန် Credit To >Eleven Media Group

Post a Comment