0


ရန်ကုန်၊ နိုဝင်ဘာ ၁၁

တနင်္သာရီတိုင်း ဒေသကြီး အတွင်းရှိ ကျွန်းစုများပေါ်တွင် နေထိုင်သော ဆလုံ လူမျိုးများကို နိုင်ငံသားစိစစ်ရေးကတ်များ ထုတ်ပေးနေကြောင်း တနင်္သာရီတိုင်း ဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာန အရာရှိတစ်ဦးက The Voice သို့ ပြောကြားသည်။

နိုင်ငံသား စိစစ်ရေးကတ်ပြား ထုတ်ပေးနိုင်ရန် ၄င်းတို့နေထိုင်သည့် ကျွန်းစုများအထိ ကိုယ်တိုင်ကိုယ်ကျ သွားရောက်လုပ်ဆောင် ပေးခြင်းဖြစ်ကြောင်း ၄င်းကရှင်းပြသည်။
"လောလောဆယ် ရာသီဥတု မကောင်းလို့ ခဏနားထားတယ်" ဟု ၄င်းကဆိုသည်။

တနင်္သာရီတိုင်း ဒေသကြီးအတွင်း ဆလုံလူမျိုး တစ်ထောင်ခန့် ရှိမည်ဟု ခန့်မှန်းထားကြောင်း၊ လက်ရှိအချိန်ထိ ဆလုံလူမျိုး ၂၀၀ ကျော်ခန့်ကို နိုင်ငံသားစိစစ်ရေးကတ် ထုတ်ပေးထားပြီး ဖြစ်သော်လည်း ကျန်ဆလုံ လူမျိုးများ ကိုလည်း ထပ်မံ ပြုလုပ်ပေးမည် ဖြစ်ကြောင်း ၄င်းက ထုတ်ဖော် ပြောကြားသည်။

တနင်္သာရီတိုင်း ဒေသကြီးသို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း လာရောက်စဉ်က ဆလုံလူမျိုး များကို နိုင်ငံသားစိစစ်ရေးကတ် ထုတ်ပေးရန် ဒေသခံများက တင်ပြပြီး နောက်ပိုင်း နိုင်ငံသား စိစစ်ရေးကတ်ပြား ထုတ်ပေးရေး စီမံချက်ကို နေပြည်တော် လူဝင်မှုကြီးကြပ်ရေးနှင့်
ပြည်သူ့အင်အား ဝန်ကြီးဌာနသို့ တင်ပြကာ စတင်လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း
၎င်းကရှင်းပြသည်။

တနင်္သာရီတိုင်း ဒေသကြီးအတွင်း နိုင်ငံသား စိစစ်ရေးကတ်ပြား ထုတ်ပေးရေး စီမံချက်တွင် ဆလုံလူမျိုးစု များသာမက ပရှူး ကဲ့သို့သော လူမျိုးစုများ အတွက်လည်း ပါဝင်ကြောင်း ယင်းဌာန တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အသက် ၁၈ နှစ် ပြည့်ပြီးသူသည် နိုင်ငံသားစိစစ်ရေးကတ် လျှောက်ထားလို ပါက အိမ်ထောင်စုစာရင်း မူရင်းနှင့် မိတ္တူ တစ်စောင်၊ အသက်အတွက် ကျောင်းထောက်ခံစာ သို့မဟုတ် မွေးစာရင်း မူရင်းနှင့် မိတ္တူ၊ သွေးစစ်လက်မှတ် မူရင်း၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူး ထောက်ခံစာ၊ မိဘနှစ်ပါး ကိုင်ဆောင်ထားသော အထောက်အထား လက်မှတ်မူရင်းနှင့် မိတ္တူတို့ ပါရှိရမည် ဖြစ်ကြောင်း ယင်းဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

အေးချမ်းမွန် Credit To >The Voice Weeklyhttps://www.facebook.com/excellencemedia

Post a Comment

 
Top