0

(ဆောင်းပါးရှင် - မောင်လွင်မွန် (ကသာ)

မကြာသေးမီက အခွန်ထမ်း ပြည်သူတို့၏ ငွေမသုံးဘဲ ကိုယ်ပိုင်ရန်ပုံငွေဖြင့် လည်ပတ်နေသည်ဆိုသော အမေရိကန် စာတိုက်လုပ်ငန်း (ယူအက်စ်ပီအက်စ်)အဖို့ အိမ်တိုင်ရာရောက် စာဝေစရိတ် ကြီးမြင့်လာမှုကြောင့် အိမ်အနီး ကားလမ်းဘေး စာတိုက်သေတ္တာများမှ စာဝေငှခြင်း၊ ယင်းမှတစ်ဆင့်တက်ပြီး ရပ်ကွက်တွင်း သတ်မှတ်နေရာတွင် ထားရှိသော စုပေါင်းစာတိုက် ဗီရိုတွင်း လာရောက်ထုတ်ယူသော စနစ်သို့ ပြောင်းလဲရန် ကြိုးစားနေခြင်းတို့ကို ရေးသားခဲ့ပါသည်။ ပိုလွယ်ကူ လျင်မြန်သော ဆက်သွယ်ရေး နည်းလမ်းသစ်များ ထွန်းကားလာချိန်၌ပင် ပြည်သူများက စာတိုက်ကစာနှင့် ပို့စကတ်ပေးပို့သော အလေ့အထ မပျောက်ပျက်ရလောက်အောင် ၀န်ဆောင်မှု ကောင်းစွာဖြင့် ဆက်ရုန်းကန် ကြိုးစားနေသော အမေရိကန် စာပို့လုပ်ငန်းအကြောင်းရေးရင်း ပြည်သူ့ဝန်ဆောင်မှုကောင်း ဖြစ်ခဲ့ဖူးသော မြန်မာစာတိုက် လုပ်ငန်းအကြောင်း သတိရသွားမိပါသည်။ တစ်ချိန်ကဆို မြန်မာတို့၏ နေ့စဉ်ဘ၀များထဲတွင် စာတိုက်က မရှိမဖြစ် ပါဝင်ပတ်သက်ခဲ့သည်သာ ဖြစ်သည်။ မကြာမီက ကွယ်လွန်သွားသူ တေးသံရှင် မျိုးမြင့်လေး၏ 'နေကာမျက်မှန်'သီချင်းမှ 'ငှက်ခါးလေးတွေ ခါခါနားလို့၊ သက်ထားလေးဆီ စာလွှာပါးရင် တစ်ဖက်သား အတွေးတွင် သာယာစေကြောင်း..'ဆိုသည်ကို ယနေ့ လူငယ်လေးများ ခံစားနားမလည်နိုင်ကြ။ ကျွန်တော်တို့ခေတ်မှာ ၁၅ ပြားတန် ငှက်ခါးပုံ တံဆိပ်ခေါင်းကပ်ပြီး စာတိုက်က ပို့ရသောစာဖြင့် မိဘ၊သူငယ်ချင်းနှင့် ချစ်သူတို့ဆီ ဆက်သွယ်ခဲ့ကြရသော ရင်ခုန်မှုကို သူတို့မခံစားဖူးပေ။ ကျွန်တော်တို့ အတော်ငယ်ငယ်က စာပို့ခ ၁၅ ပင် ဖြစ်သော်လည်း တံဆိပ်ခေါင်းက အစိမ်းရောင်ဟင်္သာဖြစ်ကာ ၁၉၆၄ ဧပြီလ (မြန်မာနှစ်ဆန်း ၁ ရက်) မှစပြီး ငှက်တံဆိပ်ခေါင်းများ အတွဲလိုက် ထုတ်ဝေရာတွင် ၁၅ တန်မှာ ငှက်ခါးဖြစ်သွား၏။ နောင် ၁၀ နှစ် ၁၉၇၄ ခု အောက်တိုဘာ ၁ ရက်တွင် တိုင်းရင်းသား လူမျိုးစုံတွဲပုံများဖြင့် တံဆိပ်ခေါင်းအတွဲ ထုတ်ဝေပြန်ရာ ၁၅ ပြားတန်မှာ ချင်းလူမျိုးမောင်နှံပုံ ဖြစ်သွားသည်။ သို့သော် စာပို့ခ ၁၅ ပြားနှုန်းမှာ နှစ်ပေါင်းများစွာ မပြောင်းလဲခဲ့ပေ။ ၁၉၅၄ ခုတွင် ထုတ်သော ဆဋ္ဌသင်္ဂါယနာတင် အထိမ်းအမှတ် တံဆိပ်ခေါင်းမှစပြီး ၁၅ ပြား စတင်သတ်မှတ်သည်ဟု ယူဆရသော ယင်းစာပို့ခနှုန်းမှာ နောင်နှစ်ပေါင်း ၄၀ နီးပါးအထိ မပြောင်းမလဲ တည်တံ့ခဲ့သည်။ ယင်းနောက်ပိုင်းတွင် စာပို့ခ နှစ်ကျပ်ဖြစ်လာပြီး ၂၀၁၀ ပြည့်နှစ်တွင် ၁၀၀ ကျပ် ဖြစ်လာခဲ့သည်။

မြန်မာစာတိုက်လုပ်ငန်း၏ မမေ့နိုင်စရာ ၀န်ဆောင်မှုကောင်းပုံကို ငယ်စဉ်ကတည်းက မှတ်မှတ်ရရရှိခဲ့ပုံမှာ ကျွန်တော့်အဖေ ရန်ကုန်မြို့၊ ပီအောထွန်းရင်ဆိုင်မှ ၀ယ်လာသော ရိုးလက်စ်နာရီကို ဆိုင်က သူတို့ဆီမှာ သာဆေးပါဟု မှာလိုက်ရာ အဖေက နှစ်စဉ်လို စာတိုက်မှပို့ပြီး နာရီဆေးသည်။ ရန်ကုန်က နာရီဆိုင်က နာရီကို ကြေးဆေးပြီးသော် စာတိုက်မှ ဗွီပီပီ (Value Payable Post)ဖြင့် ပြန်ပို့လိုက်ရာ ဗွီပီပီကို ရွေးယူခြင်းဖြင့် နာရီဆေးခကို အဖေပေးပြီး ဖြစ်လေ၏။ 'နာရီလို အဖိုးတန်ပစ္စည်းကို နယ်မြို့လေး တစ်မြို့မှ ရန်ကုန်သို့ စာတိုက်မှ စိတ်ချလက်ချပို့ပြီး ကြေးဆေးနိုင်ခဲ့၏' ဆိုသည်မှာ မယုံလျှင် ပုံပြင်မှတ်ဖြစ်သည်။ ယင်း မတိုင်မီခေတ်က မြန်မာစာတိုက် ၀န်ဆောင်မှု ပုံပြင်တစ်ပုဒ်ကို ပြောပြချင်သေးသည်။ ယင်းခေတ်က ရန်ကုန်တွင် အခြေစိုက်သော်လည်း ပြည်လုံးအနှံ့ နာမည်ကြီးသည့် ရိုးကုမ္ပဏီ ကိုယ်စားလှယ်များသည် မြို့တကာ နယ်အနှံ့ လျှောက်သွားပြီး ကုတ်အင်္ကျီများ လိုက်ချုပ်ရာ ပါလာသော နမူနာစ အဆင်နှင့် အရောင်ကို ရွေးစေပြီးနောက် ချုပ်မည့်သူကို ကိုယ်တိုင်းယူကာ အတိုင်းအတာ၊ နမူနာဖြတ်စနှင့် ပေးပို့ရမည့် လိပ်စာကိုတွဲပြီး ကုမ္ပဏီသို့ စာတိုက်မှ ပို့ပေးလိုက်၏။ ကုမ္ပဏီက အော်ဒါအတိုင်းချုပ်ပြီး လိပ်စာအတိုင်း ဗွီပီပီဖြင့် ပြန်ပို့လိုက်ရာ ပိုင်ရှင်က ဗွီပီပီကို ရွေးယူရုံဖြင့် အင်္ကျီဖိုးငွေကို ပေးပြီးဖြစ်သည်။ အဖိုးတန် ကုတ်အင်္ကျီကို နယ်တကာ အနှံ့က စာတိုက်မှ ယုံကြည်စွာ အော်ဒါပေးချုပ်ကြသည် ဆိုသည်မှာလည်း ယုံတမ်းပုံပြင် ဖြစ်သွားပြီ ဖြစ်သည်။ မြန်မာ စာတိုက်လုပ်ငန်း၏ ဗွီပီပီစနစ်သည် နှစ်ပေါင်းများစွာ ပြည်သူကို ၀န်ဆောင်မှုပေးခဲ့ပြီး ရန်ကုန်မှာထွက်သောစာအုပ် နယ်မရောက်လျှင် တိုက်ကိုတိုက်ရိုက်မှာနိုင်ပြီး တိုက်က ဗွီပီပီဖြင့် ပို့လိုက်သည်ကို ရွေးယူရုံဖြင့် စာအုပ်ဖိုးကို စာတိုက်မှတစ်ဆင့် ပေးလိုက်နိုင်သည့် စနစ်ဖြစ်၏။ သို့သော် ယင်းစနစ်ကို ၁၉၉၀ ပြည့်နှစ်မှစပြီး ရပ်ဆိုင်းခဲ့သည်။

အထက်က ရိုးလက်စ်နာရီပုံပြင်မှာ ကျွန်တော်ကေဂျီလောက်ကနှင့် ကုတ်အင်္ကျီပုံပြင်က ကျွန်တော် မမွေးခင်ကဖြစ်ရာ ယခု ကျွန်တော် တက္ကသိုလ်ကျောင်းသားဘ၀က ကိုယ်တွေ့ကြုံရသော လေယာဉ်စာပုံပြင်ကို ပြောပြချင်သေးသည်။ ထိုခေတ်က စာတိုက်ဝန်ဆောင်မှုတွင် အဲယားလက်တာ ဟုခေါ်သော လေယာဉ်စာပါဝင်ပြီး ယင်းကိုစာတိုက်များတွင် တစ်စောင် ၁၅ ပြားဖြင့် အလွယ်ဝယ်၍ ရသည်။ လေယာဉ်စာမှာ စာအိတ်အရွယ်ထက် သုံးဆခန့်ရှိသော အပြာရောင် စာရွက်ပေါ်တွင် မိမိရေးလိုသမျှရေးပြီး သုံးချိုး ပြန်ခေါက်လိုက်သော် စာအိတ်ပုံပေါ်သွားပြီး ကော်ကပ်၊ ၁၅ ပြားတန် တံဆိပ်ခေါင်း ပုံနှိပ်ထားသော မျက်နှာတွင် လိပ်စာတပ်ပြီး စာတိုက်တွင် ထည့်၍ရပြီ။ စာအိတ်ထဲမှာ စာမပါဘဲ စာအိတ်အတွင်း ပိုင်းခေါက်ထားရာ နေရာတွင် စာရေးနိုင်ရန် စီစဉ်ထားခြင်းဖြစ်ကာ အလေးချိန်ပေါ့သော ယင်းစာကို တတ်နိုင်သမျှ လေယာဉ်ဖြင့် ပို့ပေးရန် စီစဉ်ထားသည်။ ထိုစဉ်က ကျွန်တော့်ဇာတိကသာမြို့မှ မန္တလေးသွား ရထားသည် ညနေ ၃ နာရီ ၄၅ တွင် ထွက်သည်။ ၁ရက်မှာ ယင်းရထားဖြင့် ကသာမှ ရန်ကုန်သို့ ခရီးသည်တစ်ဦး လိုက်လာလျှင်၂ ရက်နေ့နံနက် မန္တလေးရောက်။ ထိုနေ့လက်မှတ်ဝယ်၍ရလျှင် ၃ ရက် နံနက် အမြန်ရထားဖြင့်လိုက်ပြီး ၃ ရက်နေ့ ညနေမှာ ရန်ကုန်ရောက်မည်။ (ထိုစဉ်က ညအမြန်မရှိသေး)။ သို့သော် ကျွန်တော့်ထံ မိသားစုက ယင်း ၁ ရက်နေ့ ညနေရထားဖြင့် လေယာဉ်စာတစ်စောင် လာထည့်ပါက ယင်းစာမှာ ၂ ရက်နေ့ နံနက် မန္တလေးသို့ရောက်၊ ယင်းနေ့ နေ့လယ်လေယာဉ်ဖြင့် ရန်ကုန်စာတိုက်ကြီးသို့ ညနေမစောင်းမီ ရောက်ကာ နောက်နေ့ ၃ ရက်နေ့ နံနက်၊ တက္ကသိုလ်စာတိုက်မှ တစ်ဆင့် ညနေ ၃ နာရီခန့်တွင် ကျွန်တော့်ဆီ ရောက်ပြီဖြစ်သည်။ ထိုအချိန်တွင် စာထည့်သော ရထားနှင့် ကသာ က လိုက်လာသူမှာ ရန်ကုန်မရောက်သေးပေ။ လူထက်စာတိုက်ကစာက စော၍ ရောက်သောကာလတစ်ခု မြန်မာနိုင်ငံတွင် ရှိခဲ့ဖူးသည် ဆိုသည်ကလည်း မယုံနိုင်စရာ ပုံပြင်တစ်ပုဒ် ဖြစ်သွားပြီ ဖြစ်သည်။

၁၉၈၀ ပြည့်နှစ်ခန့်တွင် ကျွန်တော် ၀တ္ထုကဗျာများ ခပ်စိပ်စိပ် စရေးဖြစ်စဉ် နယ်မှစာမူများကို ရန်ကုန်မဂ္ဂဇင်းနှင့် ဂျာနယ်တိုက်များသို့ စာတိုက်ကပဲ ပို့ခဲ့ရပြီး အရွေးခံရပါက စာမူခနှင့် စာအုပ်ကို စာတိုက်ကပဲ လက်ခံရရှိကာ အပျောက်အရှ မရှိခဲ့ဖူးပေ။ ဒါတင်မက ပယ်စာမူများကို တိုက်များက စာတိုက်က ပြန်ပို့ပေးသည့်အတွက် နောက်ထပ်တိုက်များသို့ စာတိုက်ကပဲ ပြန်ပို့ပေးခွင့် ရခဲ့သည်။ ဒီတော့ ကျွန်တော်တို့ စာရေး ဆရာဖြစ်လာခြင်းမှာ စာတိုက်၏ ကျေးဇူးမကင်းဟု ဆိုရမည်။ ၂၀၀၃ ခုနှစ် ဘ၀တက္ကသိုလ်ကအပြန် စာပြန်ရေးဖြစ်သည့်အခါ နယ်သို့ တိုက်များက စာမူခနှင့် စာအုပ်များ မပို့ပေးတော့သဖြင့် နယ်ကလောင်ရှင်များအတွက် လိုက်လံ ကူညီပို့ပေးရသည့် ပြဿနာစကြုံရသည်။ ၂၀၀၈ ခုနှစ်တွင် ကိုယ်တိုင်အယ်ဒီတာ ဖြစ်သည့်အခါတော့ နယ်စာမူရှင်တို့အတွက် စာမူခနှင့် စာအုပ်ကို စာတိုက်မှ မရောက်သည့် ပြဿနာများ မကြာခဏ ရှင်းလင်းပေးရသဖြင့် တိုက်များကို ကိုယ်ချင်းစာမိရင်း ပြောင်းလဲသွားသော အခြေအနေကိုတွေးပြီး စိတ်မကောင်းဖြစ်ရသည်။

တကယ်တော့ ကျွန်တော်တို့ မြန်မာစာတိုက်မှာလည်း ခိုင်မာသော သမိုင်းနှင့် အရှည်ဖြတ်သန်းခဲ့မှု ခရီးရှိနေသည်သာ ဖြစ်၏။ မြန်မာနိုင်ငံ၏ ကိုလိုနီခေတ်ဦး၊ ရခိုင်နှင့် တနင်္သာရီကို သိမ်းပိုက်ခံရသော ကာလတွင် ၁၈၂၇ ခုနှစ်မှာ စစ်တွေစာတိုက်ဖြင့် မြန်မာစာတိုက် သမိုင်းကိုစခဲ့သည်။ ၁၈၃၇ ခုတွင်သံတွဲ၊ ရမ်းဗြဲ၊ ကျောက်ဖြူ၊ မော်လမြိုင်တို့တွင် စာတိုက်များ ဖွင့်ခဲ့သည်။

ထို့ကြောင့် မြန်မာစာတိုက်သက်တမ်းမှာ နှစ်၁၈ ကျော်နေပြီ ဖြစ်သည်။ ၁၉၀၈ ခုနှစ်၌ စကော့တလန်အခြေစိုက် Bulloch Brother ကုမ္ပဏီပိုင်အဖြစ် ဆောက်လုပ်ခဲ့ပြီး ၁၉၃၆ ခုနှစ်မှ ဗြိတိသျှအစိုးရက ၀ယ်ယူဖွင့်လှစ်ခဲ့သော ရန်ကုန်စာတိုက်ကြီးဆိုလျှင် အဆောက်အအုံ သက်တမ်းနှစ် ၁၀၀ ကျော်၊ စာတိုက် သက်တမ်း ၇၇ နှစ် ပြည့်သွားပြီ ဖြစ်သည်။

ဖော်ပြခဲ့သော ၀န်ဆောင်မှုများဖြင့် ပြည်သူချစ်ခဲ့သော စာတိုက်လုပ်ငန်းသည် ၂၀၁၀- ၂၀၁၁ ဘဏ္ဍာနှစ်တွင် ကျပ်သန်းပေါင်း ၃၄၀၀ အရှုံး ပေါ်ခဲ့သဖြင့် ပြည်တွင်းစာပို့ခ အဆ ၅၀ တိုးကောက်ခံသည့်တိုင် ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်တွင် ကျပ်သန်းပေါင်း ၂၇၀၀ ရှုံးနေဆဲဟု ကြေကွဲစရာသတင်း ကြားသိရသည်။ စီးပွားရေးအရ အရှုံးပေါ်သလို ၀န်ဆောင်မှုပိုင်းတွင်လည်း အားကိုးရာမဖြစ်ဘဲ ၂၀၀၀ တန်စာအုပ်တစ်အုပ် ပြည်ပကိုပို့လျှင် ပို့ခက ၆၀၀၀ ကျနေသည့်အတွက် ထုတ်ဝေသူတို့ ပြည်ပသို့ တင်ပို့ မရောင်းနိုင်တော့ဟု စိတ်ညစ်ညူးစရာ စကားကြားရသည်။

ကုတ်အင်္ကျီ၊ နာရီ၊ စာအုပ်၊ ဓာတ်ပုံ၊ သင်တန်းစာ၊ ဆုံးမစာ၊ အောင်လက်မှတ်တို့နှင့်အတူ ချစ်အဖြေနှင့် အလွမ်းစာတို့ကို အရောက် သယ်ပို့ပေးခဲ့ဖူးသော အတိတ်ငှက်ခါး၏ တစ်ဖန်ပြန်လည်နိုးထ ပျံသန်းလာနိုင်ခွင့်ကို ကျွန်တော်အိပ်မက်မျှော်တမ်း လွမ်းနေမိပါသည်။

(မြန်မာနိုင်ငံတွင် ခေတ်အလိုက် ထုတ်ဝေခဲ့သော စာပို့ တံဆိပ်ခေါင်းအချို့)

အေးချမ်းမွန် Credit To >Eleven Media Grouphttps://www.facebook.com/excellencemedia
http://ayechanmon-news1.blogspot.com/

Post a Comment

 
Top