0


မန္တလေး၊ နိုဝင်ဘာ ၂၁

မန္တလေးမြို့တော် စိမ်းလန်း စိုပြည်ရေး (Mandalay Green City Plan) တွင် ပါဝင်သည့် ရေပေးဝေရေး၊ ရေဆိုးသန့်စင်ရေး၊ ရေဘေး ကာကွယ်ရေး၊ လမ်းနှင့် အမှိုက်သိမ်းစနစ်များ ကောင်းမွန်ရေးတို့အတွက် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) က အမေရိကန်ဒေါ်လာ လေးသန်း ကူညီထောက်ပံ့မည် ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီဝင် (၃) ဦးထွန်းကြည်က ပြောကြားသည်။

အဆိုပါ အမေရိကန်ဒေါ်လာ လေးသန်းအနက်မှ လုပ်ငန်းများ လေ့လာ၊ သုတေသနပြု တိုင်းတာရန်အတွက် အမေရိကန်ဒေါ်လာ နှစ်သန်း သုံးစွဲပြီး ချမ်းမြသာစည်နှင့် ပြည်ကြီးတံခွန် မြို့နယ်တို့ရှိ ရပ်ကွက်များတွင် ရေမြောင်း၊ လမ်းနှင့် အမှိုက်သိမ်း စနစ်များအတွက် အမေရိကန်ဒေါ်လာ နှစ်သန်း သုံးစွဲမည် ဖြစ်ကြောင်း ၎င်းကရှင်းပြသည်။
“ပြောရမယ်ဆိုရင် Green City ဆိုတဲ့ ခေါင်းစဉ်က ကျယ်ပြန့်ပါတယ်။ အဓိက ချဉ်းကပ်ရမယ့် နည်းလမ်းက မြို့နေလူထုအတွက် စိတ်ချမ်းမြေ့ အပန်းဖြေနိုင်မယ့် နေရာထိုင်ခင်းတွေ ဖန်တီးပေးဖို့ လိုတယ်။ တိုက်ကြီးတွေ ပြည့်ကျပ်နေအောင် ဆောက်ပေးနေလို့ မရဘူး။ လူတွေရဲ့ မွန်းကျပ်မှုတွေ ကို အရင်ဆုံး ဖြေဖျောက်ပေးနိုင်မှ Green City ဖြစ်ဖို့အတွက် ရှေ့ဆက်လို့ရမယ်” ဟု မန္တလေးမြို့ခံ စာရေးဆရာ သင့်နော်က ဆိုသည်။

အဆိုပါ လုပ်ငန်းများကို လာမည့် ၂၀၁၄ ခုနှစ် နှစ်ဆန်းပိုင်းတွင် စတင် အကောင်အထည် ဖော်မည်ဖြစ်ကာ လေ့လာမှုများ ဆောင်ရွက်ရန် တစ်နှစ် သတ်မှတ်ထားပြီး ချမ်းမြသာစည်နှင့် ပြည်ကြီးတံခွန် မြို့နယ်တို့တွင် ဆောင်ရွက်မည့် လုပ်ငန်းများမှာ ၂ နှစ်ကျော်ခန့် ကြာမြင့်မည် ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။
“ADB အဖွဲ့တွေက ၂၀၁၄ ခုနှစ် နှစ်ဆန်းပိုင်းမှာစပြီး လေ့လာမှုတွေ လုပ်မယ်။ လေ့လာတာ တစ်နှစ်လောက် ကြာမယ်။ လေ့လာတွေ့ရှိချက်တွေပေါ် အခြေခံပြီးမှ Green City အတွက် လုပ်ငန်းစမှာ။ ချမ်းမြသာစည်နဲ့ ပြည်ကြီးတံခွန်က ရပ်ကွက်တွေ အတွက်က ၂ နှစ်ကျော်လောက် ကြာမယ်လို့ ပြောပေမယ့် ၂ နှစ်အတွင်း ပြီးအောင် လုပ်ပေးဖို့တော့ တောင်းဆိုထားတယ်” ဟု ဦးထွန်းကြည်က ဆိုသည်။

ADB က ကူညီ ဆောင်ရွက်ပေးမည့် ရေမြောင်း၊ လမ်း၊ အမှိုက်သိမ်း စနစ်များကို ချမ်းမြသာစည် မြို့နယ်တွင် ဗ-၂၂၊ ၂၃၊ ၂၄၊ ၂၅ ရပ်ကွက်နှင့် ပြည်ကြီးတံခွန် မြို့ နယ်တွင် တတ-၅၊ ၆၊ ၇ ရပ်ကွက်တို့တွင် ဆောင်ရွက်မည် ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ တာဝန်ရှိသူထံမှ သိရသည်။

“အခုလို လုပ်တာလည်း ကောင်းပါတယ်။ ရေပေးဝေရေး၊ အမှိုက်သိမ်းစနစ်တွေ ကောင်းအောင် လုပ်နေသလို ပလက်ဖောင်း စနစ်တွေကိုလည်း ပြန်ဖော်စေချင်တယ်။ မန္တလေးမှာ ပလက်ဖောင်းတွေက ပျောက်နေတယ်။ ဖုန်မှုန့် ထူနေတဲ့ ပြဿနာတွေကိုလည်း ဖြေရှင်းသင့်ပါတယ်” ဟု မန္တလေးရောက် စီးပွားရေး မူဝါဒရေးရာ ပညာရှင် ဒေါက်တာအောင်ကိုကိုက သုံးသပ် ပြောကြားသည်။

အေးချမ်းမွန် Credit To >The Voice Weekly https://www.facebook.com/excellencemedia

Post a Comment

 
Top