0

ကွာလာလမ်ပူ အောက်တိုဘာ ၂ဝ

မလေးရှားရောက် မြန်မာနိုင်ငံသား အိုဗာစတေးသမားများအတွက် အခွင့်အရေးတစ်ခုလည်းဖြစ်သော OPS 6P ၏ နောက်ဆက်တွဲ ဒုတိယအကြိမ် Legalization အစီအစဉ်ကို အောက်တိုဘာ ၂၁ ရက်တွင် မလေးရှားနိုင်ငံ ပူထရာဂျာရာရှိ ပြည်ထဲရေးဝန်ကြီးရုံး လေးလွှာမှာ စတင်ဆောင်ရွက်ပေးတော့မည်ဖြစ်ကြောင်း မလေးရှားနိုင်ငံ အာဏာပိုင်များမှ တရားဝင်ကြေညာသွားခဲ့ကြောင်း မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့၏ ဆက်သွယ်ပြောချက်အရ သိရသည်။
အစီအစဉ်အရ တရားမဝင် အလုပ်သမားများဖြင့် လည်ပတ်နေ သောအလုပ်ရှင်များနှင့် 6P အေးဂျင့်များထံငွေသွင်းပြီး ပါမစ်မရရှိခဲ့သော သူများအားလုံးကို ချက်ချင်းပါမစ်ရရှိအောင် စီစဉ်ပေးသွားမည်ဟု ကြေညာသွားခဲ့ကြောင်းနှင့် ကြားလူ၊ အေးဂျင့်နှင့် မည်သည့်ကုမ္ပဏီကိုမှ ကြားနေဆောင်ရွက်ခွင့် ပေးမည်မဟုတ်ကြောင်းဖြင့် ထည့်သွင်းရေးသားထားကြောင်းလည်း သိရသည်။
ထို့အတွက်ကြောင့် 6P တွင် ငွေပေးသွင်းပြီး ပါမစ်မရရှိသောသူ များအားလုံးက မိမိတို့အလုပ်ရှင်သူဌေး များကိုခေါ်ယူကာ 6P ကာလအတွင်း အေးဂျင့်များသို့ ငွေပေးသွင်းထားသော အထောက်အထား၊ 6P ကာလအတွင်း လဝကမှရရှိထားသော အထောက်အထားအပြည့်အစုံ၊ 6P ကာလအတွင်း မိမိတို့ ဆောင်ရွက်ထားသော အေးဂျင့်အထောက်အထား၊ မိမိတို့လက်ရှိလုပ်ကိုင်နေသောအလုပ် ရှင်စသည့် အချက်အလက်လေးချက် ပြည့်စုံစွာရှာဖွေ၍ အလုပ်သမား၊ အလုပ်ရှင်နှစ်ဦးလုံး အတူတကွ တရားဝင်သွားရောက် ဆောင်ရွက်နိုင်ကြပြီဖြစ်သည်။
အဆိုပါ 6P စီမံချက်အတွင်း ပါမစ်မရရှိသေးသောသူများအနေဖြင့် မိမိတို့လက်ထဲတွင် Passport စာအုပ်ရှိပါက ထိုစာအုပ်ဖြင့် ပါမစ်ရရှိရန် ဆက်လက် ဆောင်ရွက်နိုင်ကြောင်း သိရသည်။ ပတ်စ်ပို့မရှိတော့ပါကလည်း မလေးရှားလဝကမှပေးမည့် အထောက်အထားများဖြင့် မြန်မာသံရုံးတွင် Passport စာအုပ် ပြန်လည်လျှောက်ထားနိုင်ကြောင်း၊ ထိုသို့ လျှောက်ထားရာတွင် ယခင် 6P အစီအစဉ်အတိုင်း မိမိတို့၏မြန်မာနိုင်ငံ စာရွက်စာတမ်းများအနေဖြင့် မှတ်ပုံတင်မူရင်းမိတ္တူ၊ အိမ်ထောင်စုစာရင်း မိတ္တူ၊ ရပ်ကွက်ထောက်ခံစာ၊ ရဲစခန်းထောက်ခံစာများဖြင့် မြန်မာနိုင်ငံသားဖြစ်ကြောင်း အထောက်အထား ခိုင်လုံစွာ တင်ပြလျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။ ယခုအစီအစဉ်ကို ကာလအားဖြင့် သုံးလတိတိဆောင်ရွက်ပေးမည်ဖြစ်ကြောင်း မလေးရှားအာဏာပိုင်များက အသိပေးကြေညာထားသည်။ ပါမစ်မရရှိသော မြန်မာနိုင်ငံသားများသည် မိမိတို့ ယခင် ဆောင်ရွက်ထားသော စာရွက်စာတမ်းများဖြင့် သူဌေးနှင့်အတူ လျှောက်ထားရမည်ဖြစ်ပြီး ယခု ပါမစ်ထုတ်ပေးမည့် အစီအစဉ်တွင် အေးဂျင့်၊ အလယ်လူ၊ Man Power ကုမ္ပဏီ မည်သူ့ကိုမျှ လုပ်ပိုင်ခွင့်မပေးထားကြောင်း ကြေညာအသိပေးထားသည်။ 6P တွင် ပါမစ်လျှောက်ထားခြင်းမရှိသော မည်သူကိုမျှ ပါမစ်ပေးမည်မဟုတ်ကြောင်း မလေးရှားနိုင်ငံ ရုပ်မြင်သံကြား NTV7 တွင် အောက်တိုဘာ ၁၉ ရက်က ထပ်မံအသိပေးသွားခဲ့ကြောင်း သိရသည်။
ပါမစ်လျှောက်ထားမည့် မြန်မာနိုင်ငံသားများသည် မိမိတို့အလုပ်ရှင် သူဌေးများနှင့် အထူးညှိနှိုင်းကာ ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ဆက်လက်ပြီး ထူးခြားသောမလေးရှား နိုင်ငံအစိုးရ၏အစီအစဉ်များ၊ ကြေညာချက်များရှိပါက မလေးရှားနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်နေကြသော မြန်မာနိုင်ငံသားများအား အချင်းချင်းအကြံပေး၊ အသိပေးခြင်းများဖြင့် လုပ်ဆောင်နေပါကြောင်း မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့က ဆိုသည်။
(စိုးဝင်း-SP)

အေးချမ်းမွန် Credit To > သတင်းနှင့်စာနယ်ဇင်းလုပ်ငန်းhttps://www.facebook.com/excellencemedia

Post a Comment

 
Top