ဝါလကင်းလွတ် သီတင်းကျွတ်ပြီ။ မြန်မာလူမျိုး မြန်မာဓလေ့အရ လှုပ်ရှား တက်ကြွသော၊ ပျော်ရွှင်ဖွယ် မင်္ဂလာအချိန်သမယ သီတင်းကျွတ်ကာလသည် မြန်မာပြည်သူပြည်သားတို့၏ ဘဝနှင့် အဘက်ဘက်မှ ပတ်သက် ဆက်စပ်နေသည်။
သီတင်းကျွတ်ကာလတွင် ငယ်သူက ကြီးသူကို လက်အုပ်ချီမိုးကာ မာန်လျှော့ ကန်တော့ကြသည်မှာ အစဉ်အလာဖြစ်သည်။ မာန်လျှော့ခြင်း ဆိုသည်မှာ ပြုနိုင်ခဲသောအမှု ဖြစ်သည်။ အကန်တော့ခံ များကလည်း အရိုအသေပြုမှုကို အလေးအမြတ် ခံယူကြသည့် တစ်ချိန်တည်းမှာပင် ကန်တော့ခံထိုက်သော ဂုဏ်သိက္ခာရှိ မရှိ ကိုယ့်ကိုယ်ကိုယ် ပြန်လည်ဆန်းစစ် ကြရသည်မှာလည်း ပြုနိုင်ခဲသောအမှု ဖြစ်သည်။ သီတင်းကျွတ်သည် ထိုသို့ ပြုနိုင်ခဲသော မွန်မြတ်သော အပြုအမူတို့ ဆောင်ရွက်ရာ မင်္ဂလာအခါဖြစ်သည်။
ဝါတွင်းကာလတွင် အိမ်အပြောင်းအရွှေ့ ရှောင်သောအစဉ်အလာ ရှိကြသဖြင့် သီတင်းကျွတ်သည် အရွှေ့အပြောင်း ကာလလည်း ဖြစ်သည်။ အိမ်သစ်ရာသစ် တို့ဖြင့် ရှင်သန်လှုပ်ရှားသော မင်္ဂလာအခါ ဖြစ်သည်။
ထို့အတူ သီတင်းကျွတ်သည် ဝါတွင်းကာလတွင် ပြုလုပ်လေ့မရှိသော အိမ်ရာ ထူထောင်မှုတို့ ပြုလုပ်ချိန်လည်း ဖြစ်သည်။ ထို့ကြောင့် မင်္ဂလာမောင်နှံများ အတွက်လည်း သီတင်းကျွတ်သည် မင်္ဂလာမှတ်တိုင် ဖြစ်သည်။ ဘဝသစ် မိသားစုအသစ် များဖြင့် တက်ကြွပျော်ရွှင်ဖွယ် မင်္ဂလာအခါ ဖြစ်ပြန်သည်။
ဘဝသစ်တစ်ခု စတင်ရာ မင်္ဂလာမှတ်တိုင် ဖြစ်နေသည့်အတွက် မိသားစုများနှင့် တည်ဆောက်ထားသော နိုင်ငံအတွက်လည်း မိသားစုသစ်များ စတင်ရာ ဆုံမှတ် ဖြစ်နေသည်။
သီတင်းကျွတ်သည် ကန်တော့ပစ္စည်းများ အရောင်းသွက်ချိန်၊ လည်စရာ ပတ်စရာနေရာများသို့ မိသားစုတို့ သွားရောက်ကြချိန်၊ မင်္ဂလာပွဲတို့ ခြိမ့်ခြိမ့်သဲ ကျင်းပကြချိန်၊ နေရာအနှံ့ ဘုရားပွဲတော် ဈေးပွဲတော်များဖြင့် စည်ကားသိုက်မြိုက် ချိန်ဖြစ်ရာ နိုင်ငံတွင်း ငွေသုံးစွဲလှည့်ပတ်မှု မြင့်မားပြီး စီးပွားရေးသွက်သည့် ကာလ ဖြစ်သည်။
အိမ်၊ ခြံ၊ မြေ ဝယ်လိုရောင်းလိုသူ များအတွက်မူ မိုးတွင်းလေးလကာလ ပတ်လုံး မိုးလည်းအေး အရောင်းအဝယ်လည်း အေးရာမှ သီတင်းကျွတ်သည် အရောင်းအဝယ် ပြန်ပွင့်လာပြီး အကျိုးအမြတ် မျှော်လင့်ချက်တို့ မြင့်တက်လာသည့် ကာလဖြစ်သည်။
မြန်မာ့ယဉ်ကျေးမှု အစဉ်အလာဖြစ်သလို နိုင်ငံ၏ လူမှု၊ စီးပွားဘဝ ကိုလည်း ပဲ့ပြင်နေသည့် သီတင်းကျွတ် အခါသမယတွင် မြန်မာနိုင်ငံသူ နိုင်ငံသားအပေါင်းတို့ တစ်ဦးပေါ်တစ်ဦး မေတ္တာတရား ပွားများနိုင်ပါစေကြောင်း၊ ကောင်းသောအကြံ မှန်သောအကျင့် ဖြူသောနှလုံးဖြင့် လောကီ လောကုတ္တရာ နှစ်ဖြာ တိုးတက်ရာ တိုးတက်ကြောင်း ကြံစည်ကြိုးပမ်းနိုင်ကြပါစေကြောင်း The Voice က ဆုမွန် ကောင်းတောင်းအပ်ပါသည်။
အယ်ဒီတာ (၁၇.၁၀.၂ဝ၁၃)
(မနက်ဖြန် အောက်တိုဘာလ ၁၉ရက်နေ့ ဖြန့်ချိမည့် The Voice Weekly မျက်နှာဖုံးနှင့် Editorial)
အေးချမ်းမွန် Credit To >The Voice Weekly

Post a Comment