ရန်ကုန်၊ အောက်တိုဘာ ၁၆
ပူတာအိုခရိုင် မချမ်းဘောမြို့နယ်အတွင်း တပ်မတော်နှင့် ကေအိုင်အေတို့၏ တိုက်ပွဲများကြောင့် တိမ်းရှောင်လာသည့် မချမ်းဘောရှိ နှစ်ခြင်းဘုရားကျောင်း စစ်ရှောင်စခန်းမှ မိသားစုဝင်များ မိမိနေရပ်ဒေသသို့ ပြန်လိုပါက ကူညီပေးမည်ဟု ပူတာအိုနယ်မြေခံ ဗျူဟာမှူးက လာရောက် ကမ်းလှမ်းသော်လည်း စစ်ရှောင် မိသားစုဝင်များက ပြန်လိုသည့်ဆန္ဒ မရှိကြကြောင်း ယင်းနှစ်ခြင်း ဘုရားကျောင်းရှိ တာဝန်ရှိသူများထံမှ သိရှိရသည်။
ပူတာအိုရှိ နယ်မြေခံ စစ်ဗျူဟာမှူးက အောက်တိုဘာလ ၁၆ ရက်နေ့တွင် မချမ်းဘောမြို့နယ် နှစ်ခြင်း ဘုရားကျောင်းဝင်းရှိ စစ်ရှောင်စခန်းသို့ ရောက်ရှိလာကာ စစ်ရှောင် မိသားစုဝင်များ မိမိတို့ နေရပ်ဒေသသို့ ပြန်ချင်ပြီဟု ကြားသိရသဖြင့် ကူညီရန် လာရောက်ခြင်း ဖြစ်ပြီး အကယ်၍ ပြန်လိုပါက ပြန်နိုင်ပြီ ဖြစ်ကြောင်းနှင့် မိမိ (ဗျူဟာမှူး) ကိုယ်တိုင်လိုက်လံ ပို့ဆောင်ပေးမည်ဟု ပြောကြားခဲ့သော်လည်း စစ်ရှောင် မိသားစုများက မပြန်လိုဟု တုံ့ပြန်ခဲ့ကြောင်း မချမ်းဘော နှစ်ခြင်း ဘုရားကျောင်းမှ ဘာသာရေး ဆရာတစ်ဦးက ပြောကြားသည်။
“သူတို့တွေ ( စစ်ရှောင်မိသားစုများ) က ဗျူဟာမှူးကို အိမ်မပြန်ချင်သေးဘူး။ တကယ်လို့ ဘုရားကျောင်းက မကျွေးနိုင်တော့ရင်လည်း ကိုယ်တိုင်ရှာဖွေ စားသောက်ပြီး ငြိမ်းချမ်းရေး လက်မှတ်ထိုးပြီးတဲ့အထိ မချမ်းဘောမှာပဲ နေသွားမယ်ဆိုပြီး ပြန်ပြောလိုက်တယ်” ဟု ၎င်းဘာသာရေးဆရာက ဆိုသည်။
၂၀၁၃ ခုနှစ် သြဂုတ်လအတွင်းက အင်းခါးဂါး ကျေးရွာအနီးတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် အင်းခါးဂါး ဒေသခံအချို့နှင့် ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံ ၁၀၀ ဦးခန့်မှာ ပူတာအို မြို့နယ်ရှိ နောင်ခိုင် နှစ်ခြင်းဘုရားကျောင်း စစ်ရှောင်စခန်းနှင့် မချမ်းဘောမြို့နယ် နှစ်ခြင်းဘုရားကျောင်း စစ်ရှောင်စခန်းများတွင် ခိုလှုံလျက် ရှိကြောင်း ပူတာအို ဒေသခံများထံမှ သိရှိရသည်။
ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီနှင့် ကေအိုင်အိုတို့၏ အောက်တိုဘာလ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင် ဒုက္ခသည်များ နေရပ်ပြန်နိုင်ရေးအတွက် ရွာလေးရွာခန့်အား ရှေးဦးစီမံချက် (Pilot Project) အဖြစ် ညှိနှိုင်း အကောင်အထည် ဖော်ရန်ဟူသည့်အချက် အပါအဝင် အချက်ခုနစ်ချက်ကို သဘောတူညီထားသည်။
အေးချမ်းမွန် Credit To >The Voice Weekly

Post a Comment