0


ကလေး၊ အောက်တိုဘာ ၂၃

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့သို့ အောက်တိုဘာလ ၂၅ ရက်နေ့တွင် ရောက်ရှိမည့် ပြည်ထောင်စုလွှတ်တော် နာယက ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းကို ချင်းပြည်နယ် မြွေတောင် စီမံကိန်း ရွှေ့ဆိုင်းပေးရန်အတွက် တင်ပြသွားမည် ဖြစ်ကြောင်း ချင်းတောင် သဘာဝ သယံဇာတ စောင့်ကြည့်ရေး အဖွဲ့ဝင် ဦးထားသွောင်က ပြောကြားသည်။
“လူကိုယ်တိုင် တွေ့လို့ရရင်လည်း ပြောမယ်။ တွေ့ခွင့်မရရင်လည်း စာနဲ့တင်ပြမယ်” ဟု ၎င်းကဆိုသည်။

အဆိုပါ စီမံကိန်းကို ပြည်ထောင်စု အစိုးရနှင့် ပြည်နယ်အစိုးရတို့၏ အကျိုးအမြတ် ခွဲဝေရေး ဆိုင်ရာများ ရှင်းလင်းစွာ သိရှိနိုင်ချိန်မှသာ ဆောင်ရွက်ရန်နှင့် သယံဇာတ တူးဖော်ရာတွင် စည်းစနစ်တကျ လုပ်ကိုင်မည့်သူကိုသာ ခွင့်ပြုပေးရန် တင်ပြမည် ဖြစ်ကြောင်း၊ ရာသီဥတုဆိုင်ရာ ပြောင်းလဲမှုများကို အလေးထားမည့် သူကိုသာ ပြုလုပ်စေချင်ကြောင်း အဆိုပါအဖွဲ့ထံမှ သိရသည်။

သူရဦးရွှေမန်းသည် ကလေးမြို့သို့ အောက်တိုဘာလ ၂၅ ရက်နေ့တွင် ရောက်ရှိလာမည် ဖြစ်ပြီး ချင်းပြည်နယ်သို့ ဆက်လက် ထွက်ခွာမည် ဖြစ်သည်။

ယင်းမြွေတောင် စီမံကိန်းကို တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ North Mining Investment ကုမ္ပဏီက အမေရိကန်ဒေါ်လာ ကျပ်သန်း ၅၀၀ အကုန်အကျခံကာ နီကယ်အဓိက ထုတ်လုပ်သွားမည် ဖြစ်ပြီး လက်ရှိအချိန်ထိ ပြည်ထောင်စုအစိုးရနှင့် သဘောတူစာချုပ် လက်မှတ်မထိုးရသေးကြောင်း အဆိုပါကုမ္ပဏီ တာဝန်ရှိသူထံမှ သိရသည်။

မြွေတောင် ပတ်ဝန်းကျင်တွင် ကျေးရွာပေါင်း ၁၅ ရွာခန့်ရှိကာ စီမံကိန်းကြောင့် လယ်ယာမြေဧက ၇၀၀၀၀ ခန့် ပျက်စီး ဆုံးရှုံးနိုင်ကြောင်း ချင်းပါတီများက ခန့်မှန်းထားကြသည်။

မြတ် (ကလေး)

အေးချမ်းမွန် Credit To >The Voice Weekly https://www.facebook.com/excellencemedia

Post a Comment

 
Top