
မြန်မာတစ်နိုင်ငံလုံးတွင် လာမည့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အတွင်း ကျေးလက်အိမ်ရာ ၂၉၀၀ ကျော် တည်ဆောက်ရေးအတွက် ကျပ်သန်း ရှစ်ထောင်ကျော် သုံးစွဲမည် ဖြစ်ကြောင်း မွေးမြူရေး၊ ရေလုပ် ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်ငွေ၏ ပြောကြားချက်အရ သိရသည်။
ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဆိုင်ရာ အစိုးရအဖွဲ့ ဆပ်ကော်မတီနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ ကော်မတီဝင်များ၊ အသင်းအဖွဲ့များမှ တာဝန်ရှိသူများနှင့် တွေ့ဆုံ ဆွေးနွေးပွဲကို အောက်တိုဘာလ ၂၃ ရက်နေ့ နံနက် ၁၀ နာရီက မန္တလေးမြို့တော် အောင်မြေသာစံမြို့နယ် ၆၆ လမ်းနှင့် ၂၆ လမ်းထောင့်ရှိ အစည်းအဝေးခန်းမတွင် ကျင်းပစဉ် ဒုတိယဝန်ကြီးက အထက်ပါအတိုင်း ထည့်သွင်း ပြောကြားခြင်း ဖြစ်သည်။
ယင်းကဲ့သို့ ကျေးလက်အိမ်ရာ တည်ဆောက်မည် ဆိုပါက မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် သပိတ်ကျင်း မြို့နယ်တွင် ငလျင်ဒဏ် ခံရခြင်းကြောင့် အဆိုပါ မြို့နယ်ကို ဦးစားပေး အနေဖြင့် တည်ဆောက်ပေးစေ လိုကြောင်း ပြင်ဦးလွင် ခရိုင်အုပ်ချုပ်ရေးမှူးက အဆိုပါ အခမ်းအနားတွင် ပြောကြားသည်။
ယင်းအပြင် မန္တလေးခရိုင် ပုသိမ်ကြီးမြို့နယ် ညောင်ပင်သာ ကျေးရွာတွင် ဧရာဝတီ မြစ်ကမ်းပါး ပြိုကျမှုကြောင့် ၂၀၁၀ ပြည့်နှစ်မှ ၂၀၁၃ ခုနှစ်အတွင်း အိမ်ခြေ ၈၄ အိမ် ပြောင်းရွှေ့ထားပြီး အဆိုပါ အိမ်ထောင်စုများအတွက် မြေနေရာ သတ်မှတ်ပေးရန် လိုအပ်နေကြောင်း မန္တလေးခရိုင် အုပ်ချုပ်ရေးမှူး ဦးဇော်တင်မိုးကလည်း ပြောကြားသည်။
အေးချမ်းမွန် Credit To >The Voice Weekly
Post a Comment