ဖမ်းဆီး ရမိသည့် အထဲမှ အရွယ် မရောက်သေးသည့် မြန်မာ ကလေး အလုပ်သမား တစ်ဦးအား ထိုင်းရဲမှ အမှတ်အသား ပြုနေစဉ် ဖမ်းဆီး ရမိသည့် အထဲမှ အရွယ် မရောက်သေးသည့် မြန်မာ ကလေး အလုပ်သမား တစ်ဦးအား ထိုင်းရဲမှ အမှတ်အသား ပြုနေစဉ် ဓါတ်ပုံ - (Reuter)
Friday, 18 October 2013 09:58
Written by ရွှေဟင်္သာသတင်းဌာန
ထိုင်းနိုင်ငံ ထဲတွင် အလုပ်လုပ်ကိုင် နေကြသော မြန်မာ နိုင်ငံသား အလုပ်သမားများနှင့် ထပ်မံ ဝင်ရောက် လာသည့် အလုပ်သမား အသစ်များပါ နိုင်ငံကူး လက်မှတ် (ပတ်စပိုစ့်) များကို ၂၀၁၄ မတ်လ တစ်ပုံ စံတည်း ဖြစ်စေရန် ထုတ်ပေး သွားရန် လုပ်ငန်းစဉ် ချမှတ် ထားကြောင်း ထိုင်းနိုင်ငံ ဆိုင်ရာ မြန်မာ သံရုံးမှ အလုပ်သမား သံအရာရှိ ဦးကျော်ကျော်လွင်က ပြောသည်။
“မြန်မာ ပတ်စပိုစ့် ကိုင်ထားတဲ့ လူတွေ အားလုံးကို ပတ်စပိုစ့် တပုံစံတည်း ထုတ်ပေး သွားဖို့ မူတော့ ရှိနေတယ်၊ အဲဒါကို ၂၀၁၄ အမှီ လုပ်ဖို့ ရှိတယ်၊ ယာယီ ပတ်စပိုစ့် ကိုင်ထားတဲ့လူတွေလည်း တဖြည်းဖြည်း ပြောင်းပေးသွားမယ်” ဟု ဦးကျော်ကျော်လွင် က ပြောသည်။
၎င်းတို့ကို ထိုင်းမြန်မာ နယ်စပ် (၄) ခု၌ ဖွင့်လှစ် ထားသည့် နယ်စပ် ဂိတ်စခန်း များ၌ One Stop Service များမှ ပြုလုပ် ပေးသွားမည် ဖြစ်သည်။ ထိုဂိတ် များမှာ တာချီလိတ်-မယ်ဆိုင် နယ်စပ်ဂိတ်၊ မြဝတီ-မဲဆောက် နယ်စပ်ဂိတ်၊ ထီးခီး နယ်စပ်ဂိတ်၊ ကော့သောင်း-ရနောင်း နယ်စပ် ဂိတ်တို့၌ ယခုလ ၂၁ ရက်နေ့မှ စတင် ထုတ်ပေး သွားမည် ဖြစ်သည်။
ထိုကိစ္စအား ပြီးခဲ့သည့် အောက်တိုဘာလ (၁၂) ရက်နေ့၌ မြန်မာ နိုင်ငံ၌ ထိုင်းအလုပ်ရှင် များနှင့် မြန်မာ အစိုးရ ကိုယ်စား လှယ်များ ဆွေးနွေး ခဲ့ကြစဉ်၌လည်း နှစ်ဖက် ကိုယ်စားလှယ်များ သဘောတူ ထားကြ ပါသည်။
ကနဦး၌ မြန်မာ နိုင်ငံမှ ထိုင်းနိုင်ငံသို့ MOU စာချုပ်ဖြင့် ဝင်ရောက် လာကြသည့် မြန်မာ အလုပ်သမား များကို ၄င်း နိုင်ငံကူး လက်မှတ် အနီ (ပတ်စပိုစ့် အကြီးဟု အလုပ်သမားများ အခေါ်) အား စတင် ထုတ်ပေး သွားမည် ဖြစ်သည်။
ထို့ပြင် ထိုင်းနိုင်ငံရှိ မြန်မာ ရွှေ့ပြောင်း အလုပ်သမားများ ကိုင်ဆောင် ထားသည့် ယာယီ နိုင်ငံကူး လက်မှတ် အနီနှင့် ခရမ်းရောင် ပတ်စပိုစ့် များကိုလည်း ၄င်းတို့၏ စာအုပ် သက်တမ်း ကုန်သွားပြီး နောက်၌ စာအုပ်များ ပြန်လဲလှယ် သည့်အခါ၌ ပုံမှန် နိုင်ငံကူး လက်မှတ် ထုတ်ပေးသွားရန် မြန်မာ အာဏာပိုင် များမှ စီစဉ် ထားကြောင်းလည်း ဦးကျော်ကျော် လွင်က ပြောသည်။
သို့သော်လည်း ၄င်းအား မြန်မာ အလုပ်သမားများ အနေဖြင့် မိမိတို့ ကိုယ်တိုင် လာရောက် လုပ်ကိုင်ပါက ကုန်ကျ စရိတ် များစွာ သက်သာမည် ဖြစ်ကာ အကယ်၍ ပွဲစားမှ တဆင့် ပြုလုပ်မည် ဆိုပါက အခြား မလိုလား အပ်သည့် ပြသနာ များနှင့် ခေါင်းပုံ ဖြတ်မှုများ ကြုံတွေ့ဖွယ် ရှိကြောင်း ဦးကျော်ကျော် လွင်မှ ထောက်ပြ ပြောဆို ထားပါသည်။
ထိုကိစ္စအား ဆောင်ရွက် နိုင်ရန် မောတောင် နယ်စပ်ဂိတ် ကိုလည်း လျာထားကာ မြန်မာ ဘက်မှ အဆင့်သင့် မဖြစ်သေး၍ ဖွင့်လှစ်ရန် ခက်ခဲနေပြီး ဖွင့်နိုင်ခဲ့လျှင် One Stop Service ထားရှိ သွားမည်လည်း ဖြစ်သည်။
ထို အစီအစဉ်ကို လာမည့် ၂၀၁၅ အာဆီယံ စီးပွားရေး အသိုက်အဝန်း (AEC) ဖော်ဆောင် နေမှု အမှီ အပြီး လုပ်ဆောင် နေခြင်းလည်း ဖြစ်ကြောင့် မြန်မာ သံရုံးမှ အမည် မဖော်လိုသည့် အခြား အဆင့်မြင့် သံအရာရှိ တစ်ဦးမှ ပြေသည်။
ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံသား အလုပ်သမား အများဆုံး လာရောက် အလုပ် လုပ်ကိုင် နေကြသည့် အိမ်နီးချင်း နိုင်ငံ တစ်ခုလည်း ဖြစ်ကာ ၄ သန်း နီးပါးရှိကြောင်း NGO များက ခန့်မှန်း ထားပါသည်။
သို့သော်လည်း ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်၌ ထိုင်းအလုပ်သမား ဝန်ကြီးဌာနမှ ထုတ်ပြန်ချက်အရ တရားဝင် အလုပ်သမား ၁.၃ သန်း သာ ရှိပြီး ၄င်းထဲတွင် မြန်မာ အလုပ်သမား ၈၂ ရာခိုင်နှုန်း၊ ကမ္ဘောဒီးယား အလုပ်သမား ၉.၅ ရာခိုင်နှုန်းနှင့် လာအိုအလုပ်သမား ၈.၄ ရာခိုင်နှုန်း ရှိသည်ဟု ဖော်ပြ ထားသည်။
ထို့ကြောင့် တရားမဝင် မြန်မာ အလုပ်သမား တိုးပွား လာခြင်းကို လျော့ချ နိုင်ရန် ရည်ရွယ်ချက်ဖြင့် ၂၀၀၇ ခုနှစ် ခန့်က စပြီး ထိုင်းအစိုးရမှ နိုင်ငံသား စိစစ်မှု ပြုလုပ်ကာ အလုပ်လုပ်ခွင့် လက်မှတ် (ထော်ရော် ၃၈) ထုတ်ပေး ခဲ့သည်။ ၄င်းနောက် အလုပ်လုပ်ခွင့် လက်မှတ်အား အခြေခံကာ ယာယီ နိုင်ငံကူး လက်မှတ် အဆင့်တို့ နှစ်နိုင်ငံ သဘောတူညီ ချက်ဖြင့် တိုးမြှင့် ထုတ်ပေး ခဲ့သည်။
ယခု ၌မူ ထိုထုတ်ပေး ထားသည့် ယာယီ နိုင်ငံကူး လက်မှတ် များအပြင် ထပ်မံ ထုတ်ပေးမည့် နိုင်ငံကူး လက်မှတ် များအားလည်း တစ်ပုံစံတည်း ဖြစ်စေရန် မြန်မာ အာဏာပိုင် များမှ ကြိုးပမ်း ဆောင်ရွက် နေခြင်းလည်း ဖြစ်သည်။
ထိုင်းနိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင် လိုသည့် မြန်မာ နိုင်ငံသား အလုပ်သမားများ အနေဖြင့် တရားဝင် နိုင်ငံကူး လက်မှတ် ကိုင်ဆောင်ကာ MOU စာချုပ်ဖြင့် တရားဝင် ဝင်ရောက် အလုပ် လုပ်ကိုင် နိုင်ကြပြီ ဖြစ်သော်လည်း ထိုသို့ တရားဝင် ဝင်ရောက်သည့် အလုပ်သမား အရေအတွက် နည်းပါး နေသေးပါသည်။
အရေအတွက် လျော့ကျ လာသည်ဟု သုံးသပ် ရသော်လည်း နယ်စပ် ဖြတ်ကျော်၍ တစ်ဖက် ထိုင်းနိုင်ငံသို့ ခိုးဝင်၍ အလုပ်လာလုပ် ကြသည့် အလုပ်သမားများ နေ့စဉ် ရှိနေဆဲပင် ဖြစ်သည်။
အေးချမ်းမွန် Credit To > ရွှေဟင်္သာသတင်းဌာန

Post a Comment