0

12-Dec-2016

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က လာမည့် ၂ဝ၁၇ ခုနှစ်အတွင်း လမ်းများရှိ ဓာတ်တိုင် သုံးထောင်ကို လုံခြုံရေး ကင်မရာ တပ်ဆင်မည်ဖြစ်ကြောင်း ကရင်တိုင်းရင်းသားရေးရာ ဝန်ကြီး နော်ပန်းသဉ္ဇာမျိုးက ပြောကြားသည်။

“အရေးကြီးတဲ့ နေရာတွေမှာ လုံခြုံရေးအတွက် စိတ်ချရအောင် CCTV ကင်မရာ တပ်ဆင်မယ်။ အဲဒီလုပ်ငန်း အတွက် စီစဉ်နေပြီ။ လုပ်ငန်းကို မကြာခင်စမှာ ဖြစ်တယ်”ဟု ၎င်းက ဆိုသည်။

ဓာတ်တိုင်များတွင် လုံခြုံရေး CCTV ကင်မရာများ တပ်ဆင်ခြင်းအပြင် ဆိုလာများပါ တပ်ဆင်မည်ဖြစ်ကြောင်း၊ အဆိုပါ လုပ်ငန်းအတွက် နိုင်ငံတော် ဘတ်ဂျက်ထဲမှ သုံးစွဲမည် မဟုတ်ကြောင်း ၎င်းက ပြောကြားသည်။

“အစိုးရဆီမှာ ဓာတ်မီးတိုင်နဲ့ ပတ်သက်ပြီး တချို့ကုမ္ပဏီတွေ လာလျှောက်နေတာ ရှိတယ်။ အဲဒီ နိုင်ငံတကာ ရင်းနှီး မြှုပ်နှံမှု ကုမ္ပဏီတွေက လှူဒါန်းတဲ့ ဓာတ်တိုင်တွေနဲ့ အရင် စလုပ်မှာဖြစ်တယ်”ဟု ၎င်းက ဆိုသည်။

ဦးစားပေးအဖြစ် တန်ခိုးကြီး ဘုရားများ တည်ရှိရာနှင့် ခရီးသွား ဧည့်သည်များ သွားလာမှုများသည့် နေရာတွင် မီးရရှိရေးအပြင် လုံခြုံရေး ကင်မရာများ တပ်ဆင်မည်ဖြစ်ကြောင်း၊ ထပ်မံ၍ ရန်ကုန်တိုင်းရှိ ဓာတ်တိုင်များ အားလုံးကို တပ်ဆင်မည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရသည်။

“လုံခြုံရေး ကင်မရာ တပ်ဆင်မှာ ဖြစ်တဲ့အတွက် ပြောချင်တာက လက်လှမ်း မမီတဲ့နေရာမှာ တပ်ဆင်စေချင်တယ်။ ဖျက်ဆီးမယ့် သူတွေကို စိုးရိမ်တယ်။ ကင်မရာကို ကင်မရာနဲ့ ပြန်ထိန်းချုပ်တာမျိုးဆိုရင် အကောင်းဆုံးပဲ။ တစ်လုံးကို ဖျက်ရင် နောက်တစ်လုံးက မှတ်တမ်းယူ ထားလို့ရတယ်”ဟု အမှတ် ၂ ယာဉ်ထိန်း ရဲတပ်ဖွဲ့ခွဲမှူးရုံး ဒု-ရဲမှူးကြီး အောင်ကိုဦးက ဆိုသည်။

လက်ရှိတွင် ထိုသို့ တပ်ဆင်ခြင်း လုပ်ငန်းစဉ်နှင့် ပတ်သက်၍ ညွှန်ကြားချက် တစ်စုံတစ်ရာ မပေးထားဘဲ လုံခြုံရေး ကင်မရာ တပ်ဆင်မည်ဆိုသည့် သတင်းများသာ ကြားသိရကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။

ရန်ကုန်မြို့တော်အတွင်း လမ်းဘေး ဓာတ်တိုင် တစ်သိန်းကျော်ကို တပ်ဆင်ပါက အချိန် ၂ နှစ်ခန့် ကြာမြင့်နိုင်ကြောင်း ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရသည်။

ရန်ကုန်မြို့ရှိ မီးပွိုင့်များတွင် ဆင်ဆာ မီးပွိုင်စနစ် တပ်ဆင်ခြင်းနှင့် လုံခြုံရေး ကင်မရာများ တပ်ဆင်ခြင်းကို မြန်မာ ရွှေယင်း ကုမ္ပဏီ တစ်ခုတည်းသာ ပေးထားသဖြင့် ဖေဖော်ဝါရီလမှ ခြောက်လအတွင်း အပြီး တပ်ဆင်ရန် လုပ်ငန်း လုပ်ကိုင်ခွင့် ပေးထားသော်လည်း ပြီးစီးအောင် တပ်ဆင်နိုင်ခြင်း မရှိသဖြင့် လက်ရှိအချိန်အထိ တစ်ရက်ကို ဒဏ်ငွေ ကျပ်တစ်သိန်း ပေးဆောင်လျက်ရှိသည်။

စမ်းချောင်းမြို့နယ် ရှမ်းကုန်းလမ်းရှိ ငွေလဲကောင်တာ တစ်ခုတွင် လုံခြုံရေး ကင်မရာ ထားရှိသော်လည်း ဒီဇင်ဘာလ ၃ ရက်က အမျိုးသား နှစ်ဦးက ဓားပြ တိုက်ကာ လုံခြုံရေး ကင်မရာကို ဖြုတ်ယူ ထွက်ပြေးခဲ့သည့်ဖြစ်စဉ် ဖြစ်ပွားခဲ့သည်။
http://thevoicemyanmar.com/news/4367-ygn

Post a Comment

 
Top