0


ကရင်ချောင်ကျေးရွာအနီး ရာဇဌာနီ ကုမ္ပဏီအတွင်းရှိ ယမ်းဂိုဒေါင်အား တွေ့ရစဉ်
ကချင်ပြည်နယ် ဖားကန့်မြို့နယ်၊ ဆိပ်မူ ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများအနီး၌ ရာဇဌာနီကုမ္ပဏီမှ ကြီးမားသည့် ယမ်းဂိုဒေါင် တည်ဆောက်ထားသဖြင့် ရွာသူရွာသားများ စိုးရိမ်နေကြကြောင်း သိရသည်။

နယ်မြေ မတည်ငြိမ်မှု ရှိနေသည့် အနေအထားတွင် ကျေးရွာများအနီး  ကြီးမားသည့် ယမ်းဂိုဒေါင် တည်ဆောက်ထားခြင်းမှာ အန္တရာယ်များပြားကြောင်း ဒေသခံများက ပြောကြားသည်။

“ယမ်းဂိုဒေါင်နဲ့ ကရင်ချောင်ရွာလေးကတော့ အရမ်းနီးတယ်။ ပေတစ်ရာလောက်ပဲ ဝေးမယ်။ တကယ်လို့ ပေါက်ကွဲမှုတွေ ဖြစ်လာမယ်ဆိုရင်တော့ အဲဒီရွာလေးက အစိတ်စိတ် အမြွှာမြွှာ ဖြစ်သွားမှာ။ အဲဒီပတ်လည်မှာ ကရင်ချောင်ပြီးရင် ဟင်းတင့်၊ သောင်းကော့ ရွာဟောင်းရှိတယ်။ ကောင်ဆန်၊ သောင်းကော့ စတဲ့ ရွာတွေကတော့ နည်းနည်းဝေးသွားတာပေါ့။ ဒါပေမဲ့ တကယ်လို့ ပေါက်ကွဲခဲ့ရင်တော့ သက်ရောက်နိုင်တယ်။ နှစ်မိုင်၊ သုံးမိုင် ပတ်လည်ကတော့ သက်ရောက်နိုင်တာပဲ။ ဒီ ယမ်းတွေက ပြီးခဲ့တဲ့ လလောက်က ရောက်နေတာပါ။ ဟိုအရင်ကလည်း ဆိုင်းတောင်မှာ စိမ်းရွှေဝါ ကုမ္ပဏီက ယမ်းဂိုဒေါင် ပေါက်ကွဲမှု ဖြစ်ခဲ့ဖူးတယ်။ အဲဒီတုန်းကလည်း လောပန်းကိုယ်တိုင် သေသွားတယ်။ အခုအနေအထားကလည်း စိုးရိမ်ရတယ်” ဟု ဟင်းတင့်ကျေးရွာမှ ဦးအောင်သော်က ပြောကြားသည်။

မမုံကျေးရွာမှ ဦးထွေးမောင်က “အလွန်များပြားတဲ့ ယမ်းတွေပါ။ ရွာနှစ်ရွာကြားမှာ ရှိနေတယ်။ ဒေသက မတည်မငြိမ် ဖြစ်နေချိန်မှာ ဒီယမ်းတွေကလည်း အန္တရာယ်များတယ်။ တကယ်လို့ ဒီယမ်းတွေသာ ပေါက်ကွဲမှုဖြစ်ခဲ့ရင် အဲဒီရွာနှစ်ရွာ ပျက်စီးသွားနိုင်တယ်။ အားလုံး ဒုက္ခရောက်နိုင်တာမို့ ဒေသခံတွေက ဂိုဒေါင်ကို ရွှေ့ပေးစေချင်တယ်။ ဒါမှမဟုတ်ရင်လည်း ယမ်းတွေကို မြေကျင်းတူးပြီး ထားသင့်တယ်။ အခုက သွပ်ကာထားတဲ့ ဂိုဒေါင်နဲ့ထားတယ်။ နောက်တစ်ချက် ယမ်းဝယ်ယူတဲ့ ကိစ္စကို ကာကွယ်ရေးက ခွင့်ပြုမှရတယ်လို့ သိရတယ်။ အခု ဒီယမ်းတွေက တရားဝင် ၀င်လာတာလား။ တရုတ်ပြည်က အလွတ် ၀င်လာတာလား။ ဒါတွေ ဒေသခံတွေ မသိရဘူး”ဟု ပြောကြားသည်။

ကျောက်တူးဖော်သည့် ရာသီကုန်ဆုံးချိန်တွင် ယမ်းတန်ချိန် အများအပြား ဖားကန့် ဒေသသို့ အလုံးအရင်းဖြင့် ၀င်ရောက် ရောက်ရှိနေသည်မှာ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း၏ ဖားကန့်ဒေသရှိ ကုမ္ပဏီလုပ်ငန်းများနှင့် ပတ်သက်၍ ပြောကြားချက်နှင့် ရှေ့နောက် ကိုက်ညီမှုမရှိကြောင်း ဖားကန့် မဲဆန္ဒနယ် အမှတ် (၂) မှ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးဒါရှီလဆိုင်းကလည်း ဝေဖန်ပြောဆိုသည်။

ဆိပ်မူကျေးရွာအုပ်စု NLD ဥက္ကဋ္ဌ ဦးရွှေသိန်းက “ကုမ္ပဏီလုပ်ငန်းတွေနဲ့ ပတ်သက်ပြီး ဖားကန့်မှာ အစိုးရသစ်ရဲ့ ဂုဏ်သိက္ခာ ကျဆင်းနေတယ်။ ၀န်ကြီးက လုပ်ငန်းတွေ ရပ်နားထားမယ် ပြောတယ်။ ယမ်းတွေက အုံနဲ့ ကျင်းနဲ့ ရောက်လာတယ်။ အစိုးရသစ်အနေနဲ့ ဖားကန့်မှာ ရှိနေတဲ့ ယာဉ်ယန္တရားတွေ၊ ယမ်းဖောက်ခွဲမှုတွေကို တားဆီးနိုင်ရမယ်။ လုပ်ငန်းတွေကို တစ်နှစ်တန်သည် နှစ်နှစ်တန်သည် ရပ်ဆိုင်းပြီး နည်းဥပဒေ ပြန်ရေးဆွဲပြီးမှ ခွင့်ပြုသင့်တယ်” ဟု  ပြောကြားသည်။

လုံးခင်း၊ ဖားကန့် ရတနာမြေတွင် အသုံးပြုနေသော အကျိုးတူကုမ္ပဏီများနှင့် ပုဂ္ဂလိကကုမ္ပဏီများအတွက် လုပ်ငန်းသုံး ယမ်းဘီလူးနှင့် ဆက်စပ်ပစ္စည်းများအား မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း(ရုံးချုပ်) မှတစ်ဆင့် စစ်လက်နက်ပစ္စည်း ညွှန်ကြားရေးမှူးရုံးနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) တို့ထံ တင်ပြပြီး ဖြည့်ဆည်း ဆောင်ရွက်ပေးရကြောင်း သိရသည်။

Eleven Media Group

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top