စင်ကာပူ၊ ဇွန် ၂၇ ။ ။ အီတလီနိုင်ငံ မီလန်မြို့သို့ ဇွန် ၂၇ ရက် နံနက်အစောပိုင်းက ပျံသန်းသည့် စင်ကာပူလေကြောင်းလိုင်းမှ လေယာဉ်တစ်စီး စင်ကာပူလေဆိပ်သို့ အရေးပေါ်ဆင်းသက်ရရာ ဆင်းသက်ချိန်တွင် မီးလောင်မှုဖြစ်သော်လည်း လေယာဉ်ပေါ်ရှိ ခရီးသည်အားလုံး ထိခိုက်မှုမရှိ လွတ်မြောက်ကြောင်း စီအင်န်အေသတင်းတွင် ဖော်ပြသည်။
ချန်ဂီလေဆိပ်မှ မီလန်သို့ ဦးတည်ရန် နံနက် ၂ နာရီ ၀၅ မိနစ်တွင် ပျံတက်သည့် Flight SQ368 လေယာဉ်သည် ဆီအင်ဂျင်သတိပေးချက် ပြ၍ စင်ကာပူသို့ ပြန်လှည့်ကာ အရေးပေါ်ဆင်းသက်ခဲ့ ရခြင်းဖြစ်ကြောင်း လေကြောင်းလိုင်းက ထုတ်ပြန်သည်။
ဘိုးရင်း ၇၇၇ အမျိုးအစားယင်းလေယာဉ်သည် နံနက် ၆ နာရီခွဲခန့် စင်ကာပူလေဆိပ်သို့ ဆင်းသက်ချိန် မြေပြင်နှင့် ထိတွေ့ချိန်၌ ညာဖက်အင်ဂျင်က မီးထလောင်ခြင်းဖြစ်သည်။ အရေးပေါ်ဌာနက မီးကို ငြိမ်းသတ်ခဲ့ရသည်။ လေယာဉ်ပေါ် ခရီးသည် ၂၂၂ ဦးနှင့် အမှုထမ်း ၁၉ ဦးလိုက်ပါပြီး တစ်ဦးမှ ထိခိုက်မှုမဖြစ်ခဲ့ကြောင်း သိရသည်။
နှစ်နာရီခွဲခန့် ပျံသန်းပြီးနောက်မှာ လောင်စာဆီယိုဖိတ်မှုကြောင့် လေယာဉ်က ပြန်လှည့်ခဲ့ခြင်းဖြစ်ကြောင်း ခရီးသည်များက စီအင်န်အေသတင်းဌာနသို့ ပြောသည်။
လေယာဉ်အတွင်း ဆီနံ့များ မွှန်ထူနေခဲ့ကြောင်း လိုက်ပါသူ အမျိုးသမီးတစ်ဦးက ဆိုသည်။
“လေယာဉ်မှူးက ပြောတယ်။ ညာဖက်အင်ဂျင်မှာ ဆီယိုဖိတ်မှုဖြစ်နေလို့ လေယာဉ်ပြန်လှည့်ရမယ်ဆိုတာကို။ ခုအနေအထားမျိုးနဲ့က မီလန်ထိရောက်အောင် ပျံသန်းနိုင်မှာမဟုတ်လို့ လေယာဉ်ကို ပြန်လှည့် ရမှာဖြစ်ကြောင်း လေယာဉ်မှူးက ပြောတယ်။”ဟု ယင်းအမျိုးသမီးက ပြောခဲ့သည်။
“လေယာဉ် မြေပေါ် ဆင်းချိန်မှာ ညာဖက်အင်ဂျင်မှာ မီးထလောင်တာ တွေ့ရတယ်။ ကျွန်မ မတ်တပ်ရပ်ပြီး ပြေးဖို့ အဆင်သင့်လုပ်ထားတာပေါ့။ ဒါပေမယ့် အမှုထမ်းတွေက ကြေညာနေတယ်။ အေးအေးနေ ကြဖို့။ ထိုင်ခုံမှာပဲ ထိုင်နေကြဖို့ပါ။ ခရီးသည်တွေကတော့ ကြောက်လန့်နေကြတာပေါ့။ ဒါပေမယ့် အော်ဟစ်တာတွေ မလုပ်ဘူး။ အားလုံး ခိုင်းတဲ့အတိုင်း ထိုင်ခုံမှာပဲ ဆက်ထိုင်နေကြတယ်။”ဟု ယင်းအမျိုးသမီးက ပြောခဲ့သည်။
Post a Comment